တောင်-မြောက်ကိုရီးယား ကြေညာချက်အား ဂျပန်နှင့် တရုတ်နိုင်ငံ ထောက်ခံလက်မှတ်ထိုးရန် တောင်ကိုရီးယား လိုလား

တောင်-မြောက်ကိုရီးယား ကြေညာချက်အား ဂျပန်နှင့် တရုတ်နိုင်ငံ ထောက်ခံလက်မှတ်ထိုးရန် တောင်ကိုရီးယား လိုလား

ဆိုးလ်၊ မေ ၃ ။        ။ မကြာသေးမီက ကျင်းပခဲ့သော ထိပ်သီးညီလာခံတွင် သဘောတူညီမှု ရရှိခဲ့သည့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ဆိုးလ်နှင့် ပြံုယမ်းတို့၏ ကြေညာချက်အား ဂျပန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် ထောက်ခံသော ကြေညာချက်တစ်ရပ် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးရန် လိုလားပါကြောင်း တောင်ကိုရီးယား အစိုးရက မေ ၃ ရက်တွင် ပြောသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ သဘောတူလက်မှတ်ထိုးသော ပန်မန်ဂျွမ်ကြေညာချက်ကို ဂျပန်နှင့် တရုတ် ခေါင်းဆောင်များက ထောက်ခံသည့် အထူးကြေညာချက်တစ်ရပ် ထုတ်ပြန်ရေးအတွက် တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ကြိုးစားနေကြောင်း သမ္မတရုံး ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

တိုကျိုတွင် မေ ၉ ရက်မှာ ကျင်းပရန်ရှိသည့် သုံးဦးသုံးဖလှယ်ထိပ်သီးအစည်းအဝေးတွင် မွန်ဂျေအင်းနှင့်အတူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က အဆိုပါ ကြေညာချက်ကို အပြည့်အဝထောက်ခံကာ လက်မှတ်ရေးထိုးရန် တောင်ကိုရီးယားနိုင်ငံက လိုလားနေခြင်း ဖြစ်သည်။

ပန်မန်ဂျွမ်ကြေညာချက်တွင် ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေး နှစ်ဖက်သဘောတူညီလက်မှတ်ရေးထိုးရေးကိုလည်း ကတိကဝတ်ပေးထားသည်။

၁၉၅၃ ခုနှစ် ကိုရီးယား သုံးနှစ်တာ စစ်ပွဲသည် အပစ်ရပ်ဖြင့် အဆုံးသတ်ထားခြင်းဖြစ်ကာ ငြိမ်းချမ်းရေးသဘောတူညီမှု ချုပ်ဆိုနိုင်သေးခြင်းမရှိသော စစ်ပွဲဖြစ်သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် ခုနစ်နှစ်တာအတွင်း ပထမဆုံးအဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သုံးဦးထိပ်သီးအစည်းအဝေး ကျင်းပရန် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required