အီရန်ကို ထိန်းချုပ်ရေး ထရမ့်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီဝန်ကြီးချုပ် မာကဲလ် ကမ်းလှမ်း

အီရန်ကို ထိန်းချုပ်ရေး ထရမ့်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီဝန်ကြီးချုပ် မာကဲလ် ကမ်းလှမ်း

 

ဘာလင်၊ ဧပြီ ၂၈ ။          ။ ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီမှုသည် ပထမအဆင့်သာဖြစ်၍ ပြည့်စုံသေးခြင်း မရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဆိုလျက် ဒေသတွင်း အီရန်၏ ကြီးစိုးသြဇာလွှမ်းမှုကို ထိန်းချုပ်ရေးအတွက် ထိုသဘောတူညီချက်ကို တိုးတက်ကောင်းမွန်အောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိနေသည်ဟု ဧပြီ ၂၈ ရက်တွင် ပြောသည်။

“ဒီသဘောတူညီမှုဟာ အစပါ။ ပြည့်စုံမှုကတော့ ပြောမရသေးဘူးလေ။ တစ်စိတ်အပိုင်းတစ်ရပ်အဖြစ်ပဲ ရှိနေသေးတာ။”ဟု အိမ်ဖြူတော်တွင် ထရမ့်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ မာကဲလ်က ဆိုသည်။

လွန်ခဲ့သော သုံးနှစ်က အီရန်နှင့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ ရုရှ၊ ဗြိတိန်တို့ ချုပ်ဆိုသော ယင်းနျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်ပြီး မာကဲလ်က ပြောရာတွင် “အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်ချက်တွေ နှေးဖင့်သွားအောင် အစခြေလှမ်းပါပဲ။”ဟု ဆိုသည်။

“ဒါပေမယ့် ကျွန်မတို့ ဂျာမနီရဲ့ အမြင်သဘောထားကတောတ့ အီရန်ရဲ့ နျူကလီးယားနဲ့ ပတ်သက်ပြီး ရည်သန်ချက်တွေကို ထိန်းချုပ်နိုင်လောက်အောင် မပြည့်စုံသေးဘူးလို့ ထင်ပါတယ်။”ဟု ၎င်းက ပြောသည်။

မာကဲလ်၏ ရပ်တည်ချက်သည် ပြင်သစ်သမ္မတ မက်ခရွန် ၀ါရှင်တန်သို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိစဉ် ဧပြီ ၂၄ ရက်က ထုတ်ဖော်ပြောဆိုချက်နှင့် အတူတူပဲ ဖြစ်သည်။ သို့သော် မက်ခရွန်၏ အဆိုပြုသော အီရန်နှင့် အသစ်ဖြစ်သော၊ ပိုကျယ်ပြန့်သော သဘောတူညီမှုအတွက် စေ့စပ်ဆွေးနွေးရေးဆိုသည်ကိုမူ မာကဲလ်က ထောက်ခံမထောက်ခံ အတိိအလင်း ပြောဆိုခြင်းတော့ မရှိပေ။

ဇန်နဝါရီလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နျူကလီးယားသဘောတူညီမှုမှ ချို့ယွင်းချက် အပြစ်အနာအဆာများကို အမေရိကန်၏ ပြင်ဆင်လိုခြင်းအား ဥရောပမိတ်ဆွေများက စေ့စပ်ညှိနှိုင်းနိုင်ခြင်း မရှိပါက ၎င်းအနေဖြင့် ထိုသဘောတူညီမှုမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required