ကိုယ်ဝန်လွယ်ထားရကြောင်း ပရိသတ်များအား ထင်ရှားစွာအသိပေးခဲ့သည့် အဆိုတော် Cardi B

ကိုယ်ဝန်လွယ်ထားရကြောင်း ပရိသတ်များအား ထင်ရှားစွာအသိပေးခဲ့သည့် အဆိုတော် Cardi B

 

 

အမေရိကန်ရက်ပ်အဆိုတော်မလေး Cradi B သည် Saturday Night Live ရုပ်သံအစီအစဉ်၌ သီချင်းသီဆို ဖျော်ဖြေရင်း သူမသည် ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပထမဦးဆုံးအကြိမ်အဖြစ် ပရိသတ်များအား ထင်ရှားစွာပြသပြီး အသိပေးခဲ့သည်။

အဆိုပါရုပ်သံအစီအစဉ်၌ ဒုတိယသီချင်းဖြစ်သော Be Careful ကို သီဆိုနေစဉ်တွင် Cardi သည် ဒီဇိုင်နာ ခရစ္စရှန်ဆီရီယာနိုဖန်တီးထားသော အဖြူရောင် ဂါ၀န်ကိုဝတ်ဆင်ထားပြီး ဖောင်းကြွနေသော သူမ၏ကိုယ်ဝန် ကို ပရိသတ်များက ထင်ရှားစွာမြင်တွေ့ခဲ့ရသည်။

သူမ၏ကိုယ်ဝန်သတင်းနှင့်ပတ်သက်၍ Cardi သည် တနင်္လာနေ့ညတွင်ပြုလုပ်မည့် ရုပ်သံအစီအစဉ်မှူး ဂျင်မီဖယ်လွန်၏ The Tonight Show အစီအစဉ်၌ အသေးစိတ် ပြောကြားသွားမည်ဟု သိရသည်။

Cardi သည် အမေရိကန်ရက်ပ်အဆိုတော် Offset နှင့် စေ့စပ်ထားသူဖြစ်သည်။ Offset သည် လွန်ခဲ့သော ၂၀၁၇ ခုနှစ် အောက်တိုဘာလက Cardi အား စတိတ်စင်ပေါ်၌ လက်ထပ်ခွင့်တောင်းခဲ့သည်။

Saturday Night Live အစီအစဉ်ပြီးနောက်တွင် Offset သည် Cardi ၏ ကိုယ်ဝန်သတင်းကို သူ၏ အင်စတာဂရမ်၌တင်ခဲ့ပြီး အားပေးခဲ့ကြသောပရိသတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Cardi သည် သူမ၏ပထမဦးဆုံး စတူဒီယိုအယ်လ်ဘမ်ဖြစ်သော Invasion of Privacy ကို ဖြန့်ချီပြီးနောက် တစ်ရက်အကြာတွင် ယခုလို သူမ၏ကိုယ်ဝန်လွယ်ထားရသောသတင်းအား ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ အယ်လ်ဘမ်သည် Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးမှဦးဆောင်ရန် ရေပန်းစား လျက်ရှိသည်။

ထိုအယ်လမ်ဘမ်၌ အခြားနာမည်ကြီးအဆိုတော်များဖြစ်ကြသော Kehlani ၊ Chance the Rapper ၊ YG ၊ Bad Bunny ၊ J Balvin နှင့် SZA တို့ ပါ၀င်သီဆိုပေးထားကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required