ပခုက္ကူမြို့ စစ်ကောင်စီတပ်ဂိတ်စခန်းကို တိုက်ခိုက် ၄ ဦးသေဟုဆို

By 008(မဇ္ဈိမ)
16 November 2023
ပခုက္ကူမြို့ စစ်ကောင်စီတပ်ဂိတ်စခန်းကို တိုက်ခိုက် ၄ ဦးသေဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့၏ အထိုင်စစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးသွားကြောင်း တိုက်ခိုက်ရာ၌ ပါဝင်ခဲ့သည့်  Young Force-UGတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"အနီးကပ်ဝင်တိုက်တယ်၊ မျက်စိရှေ့မှာတင် လေးဦး လဲကျသေဆုံးတာတွေ့တယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက် မရှိပါဘူး။"ဟု Young Force-UGတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

အဆိုပါ စခန်းကိုတိုက်ခိုက်နေစဥ် ပခုက္ကူမြို့ထဲမှ စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

"စစ်ကူလာတဲ့ ကားတစီးကိုလည်း ကျွန်တော်တို့တပ်ဖွဲ့က ကြားဖြတ်တိုက်ခဲ့တယ်။ရှေ့မတိုးနိုင်ဘဲ လှည့်ပြေးသွားတယ်။"ဟုYoung Force-UGတပ်ဖွဲ့က ပြောသည်။

တိုက်ခိုက်ခံရသည့် ပန်းတိုင်ခြုံ တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့်ရှိပြီး ပခုက္ကူမြို့ကို ဖြတ်သန်းသွားလာမည့် ယာဥ်များကို စစ်ဆေး ငွေညှစ်နေသည့် စခန်းလည်းဖြစ်ကြောင်း သိရသည်။

ထိုစခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ပခုက္ကူမြို့ အဝင် အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုးချဲ့ချထားပြီး ပန်းတိုင်ခြုံ ကျေးရွာအနီး စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

ပန်းတိုင်ခြုံစခန်းတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ( ၁ )၊ပခုက္ကူမြို့နယ် (ပြည်သူ့လုံခြုံရေးအဖွဲ)၊ပခုက္ကူမြိုနယ်(ပကဖ) တပ်ခွဲ(၂)မှ Young Force UG၊ Special Task Force(STF)၊ Pakokku People Defense Force(PPDF)၊ပြည်သူ့အားမာန် (PDF)၊Pakokku Ranger ၊ Pakokku Underground Force ၊ Black Cobra Force Pakokkuနှင့် ThuRain-TR Pakokku တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required