၂၀၁၇ ပေါ်တူဂီ အကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒို ဆွတ်ခူးရရှိ

၂၀၁၇ ပေါ်တူဂီ အကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒို ဆွတ်ခူးရရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု 2017 Quina de Oro Award ကို တနင်္လာနေ့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ သူဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

လစ္စဘွန်းရှိ Carlos Lopes Pavilion မှာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF)၊ ပေါ်တူဂီနည်းပြများအဖွဲ့ (ANTP)နှင့် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားအဖွဲ့ (SJPF) တို့က ကြီးမှူးကျင်းပတဲ့ အခမ်းအနားမှာ ရော်နယ်လ်ဒိုဟာ ဒီဆုကို လက်ခံရရှိခဲ့ပါတယ်။

ဒီဆုရွေးချယ်ဖို့အတွက် နည်းပြတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲတွေကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ပေါ်တူဂီ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နောက်ဆုံးဆန်ခါတင် (၃)ဦး ရွေးချယ်ခဲ့ပြီး အဲဒီထဲကမှ မန်စီးတီးအသင်းရဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ စပို့တင်း CP ရဲ့ ပက်ထရီစီယိုတို့ကို ကျော်ဖြတ်ပြီး စီရော်နယ်လ်ဒိုက ဒီဆုကို ရရှိခဲ့တာပါ။

UEFA ဥက္ကဌ အလက်ဇန္ဒားဆက်ဖရင်က အဆိုပါအကောင်းဆုံးဆုကို ရော်နယ်လ်ဒိုအား ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

“ဒါဟာ ကျနော့်ပုဂိုလ်ရေးနဲ့ တစ်ဦးချင်းအဆင့်မှာ မမေ့နိုင်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။”လို့ ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ပွဲနဲ့ ဆုဖလား ၅ ခုနဲ့ ရီးယဲလ်မက်ဒရစ်အသင်းအတွက် “သမိုင်းဝင်နှစ်တစ်နှစ်”ကို ပြန်လည် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၁၇ ခုနှစ်အတွင်း ကလပ်အသင်းအတွက် ၄၂ ဂိုး၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ စပိန်စူပါဖလားနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဖလားတွေကိုပါ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒီဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်သလို ပေါ်တူဂီရဲ့ တစ်သက်တာ အကောင်းဆုံးကစားသမားအတွက် Quina de Oro Award ကို ၂၀၁၅ ခုနှစ်က ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပေးအပ်တာကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required