နယူးယောက်စီးတီး မြစ်ထဲ ရဟတ်ယာဉ်ပျက်ကျရာမှ လေယာဉ်မှူးအသက်ရှင်သော်လည်း လူနှစ်ဦး သေဆုံး

နယူးယောက်စီးတီး မြစ်ထဲ ရဟတ်ယာဉ်ပျက်ကျရာမှ လေယာဉ်မှူးအသက်ရှင်သော်လည်း လူနှစ်ဦး သေဆုံး

 

နယူးယောက်၊ ၁၂ ။                                             ။ အမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိ အရှေ့ပိုင်းမြစ်အတွင်း မတ် ၁၁ ရက် ညပိုင်းက ရဟတ်ယာဉ်တစ်စီး ပျက်ကျရာ ယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦးတွင် နှစ်ဦး သေဆုံးပြီး သုံးဦးမှာ အရေးပေါ်အခြေအနေရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

လမ်းသွားလမ်းများ ရိုက်ကူးသော ဗီဒီယိုနှင့် တွစ်တာပေါ်က ပို့စ်များတွင် အနီရောင်ရဟတ်ယာဉ်တစ်စီးသည် မြစ်ရေပြင်အတွင်း ခက်ခက်ခဲခဲ ဆင်းသက်လိုက်ရပြီးနောက် နစ်မြုပ်ခြင်း ဖြစ်သည်။

ဓာတ်ပုံရိုက်ကူးရန် ငှားရမ်းကာ ထွက်ခွာလာသည့် ယင်းရဟတ်ယာဉ်သည် မြို့တော်ဝန်အိမ်ရာဖြစ်သော  ဂရာစေးမန်းရှင်းအနီးက မြစ်ရေတွင် နစ်မြုပ်ခြင်းဖြစ်သည်။ ကိုယ်ဘာသာ ကြိုးစားလွတ်မြောက်သည့် လေယာဉ်မှူးဖြစ်သူကို အသက်ကယ်လှေဖြင့် ကယ်ဆယ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။

ခရီးသည်များကို ရဲနှင့် မီးသတ်တို့က ရှာဖွေကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း မီးသတ်ကော်မရှင်နာမင်းကြီး ဒင်နီယယ်က ဆိုသည်။

မီးသတ်ဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် “အလွန်စိတ်မကောင်းစရာဖြစ်ရပ်ပါ။”ဟု ဒင်နီယယ်က ပြောသည်။

“ကျွန်တော်တို့တွေက ကယ်ဆယ်ရေးကို တတ်နိုင်သလောက် အမြန်အဆန်ပဲ ဆောင်ရွက်ခဲ့ပါတယ်။”ဟု ၎င်းက ပြောပြီး အပူချိန် အနုတ် လေးဒီဂရီစင်တီဂရိတ်မှာ မြစ်ရေပြင်အတွင်း ကယ်ဆယ်ရေးကို ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required