ဘန်ကောက်က ဆင်ပိုလိုရိုက်ပြိုင်ပွဲ

ဘန်ကောက်က ဆင်ပိုလိုရိုက်ပြိုင်ပွဲ

 

ဘန်ကောက်၊ မတ် ၉ ။               ။ ဆင်တွေအတွက် ရန်ပုံငွေ ရရှိရေးလည်း ရည်ရွယ်တဲ့ ဆင်ပိုလိုရိုက်ကစားပြိုင်ပွဲကြီးကို ဘန်ကောက်က ကစားကွင်းမှာ မတ် ၉ ရက်က ကျင်းပပါတယ်။

ထိုင်းနိုင်ငံအတွက်က ဆင်တွေဟာ နိုင်ငံတော်အမှတ်သင်္ကေသဖွယ် သဘောထားတာဖြစ်ပေမယ့် တစ်ခါတစ်ရံ ဆင်တွေအပေါ် အလွဲသုံးမှုတွေ ရှိနေပါတယ်။

လေးရက်ကြာ ကျင်းပမှာဖြစ်တဲ့ ခု ဆင်တွေနဲ့ ပိုလိုရိုက်ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံရဲ့ မြို့တော်မှာ ဆင်ဒါဇင်များစွာ ရောက်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ ချောက်ဖယားမြစ်ကမ်းဘေးက ကွင်းပြင်မှာ ကျင်းပတဲ့ ခုပြိုင်ပွဲဟာ နှစ်စဉ်ကျင်းပမြဲ ပရဟိတအသွင်ဆောင်သော ပြိုင်ပွဲလည်းဖြစ်ပြီး ကမ္ဘာအနှံ့က ပိုလိုကစားသမားတွေ လာရောက်ကြပါတယ်။

ကွင်းပြင်အတွင်း ပိုလိုကစားသမားတွေကို ရိုက်တံကို ကိုင်လျက် ဆင်များစီးကာ ဘောလုံးကို လိုက်လံရိုက်ကြလို့ ဆင်ကြီးတွေရဲ့ ပြေးလွှားလှုပ်ရှားပုံဟာဆိုရင် မြင်းနဲ့ ပိုလိုရိုက်ကစားတာကို အနှေးပြကွက်နဲ့ ကြည့်ရသလိုမျိုး ဖြစ်နေပါတယ်။

ပြိုင်ပွဲရဲ့ ဆုဖလားကတော့ ထိုင်းနိုင်ငံအတွင်းက တောရိုင်းနဲ့ စခန်းများရှိ ဆင်များအတွက် စောင့်ရှောက်ရေးအခကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်း အပါအဝင်ဖြစ်တဲ့ ဆုဖလားပဲ ဖြစ်ပြီး ခုလို ကျင်းပပြီး ဆုပေးလာတာဟာဆိုရင် ၁၆ နှစ်တိုင် ရှိပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆင်တွေနဲ့ မကင်းတဲ့ ဖြစ်စဉ်အဖြစ် ကမ္ဘာ့တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ရဲ့ ၂၀၁၇ အစီရင်ခံစာမှာ ဆင်တွေနဲ့ ခရီးသွားလုပ်ငန်းမှာ ထိုင်းနိုင်ငံက ကမ္ဘာမှာ အခရာကျတဲ့ နိုင်ငံအဖြစ် ဖော်ပြမှတ်တမ်းတင်ထားပါတယ်။ ဆင်ခရီးသွားလုပ်ငန်းကြောင့် ဧည့်သည်တွေဟာ ဆင်စီးနိုင်ခြင်း၊ ဆင်များနဲ့ ရေချိုးနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေကို ရရှိပါတယ်။

ဘုရင့်ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းမှာ ဆင်တွေကို အသုံးပြုတာ နှစ်ဆတိုးလို့ ခုဆိုရင် ကောင်ရေပေါင်း ၂၁၉၈ ကောင်ရေအထိ ရှိနေတာဟာ ကျန်အာရှနိုင်ငံများ စုပေါင်းကောင်ရေနဲ့ ညီမျှသလောက်ရှိပါတယ်။

ဒါပေမယ့် ဆင်တွေကို ထားရှိမွေးမြူတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေတော့ ရှိပါတယ်။ တိရစ္ဆာန်အခွင့်အရေး အုပ်စုတွေက မက်မောစရာ ဝင်ငွေရနေတဲ့ ထိုင်းက ဆင်ခရီးသွားလုပ်ငန်းကို လူမဆန်တဲ့ လုပ်ငန်းအဖြစ် ရေရှည် အပြစ်တင်နေပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required