လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုအား တိုင်ကြားရာတွင် ဥပဒေကြောင်းအရ အကာအကွယ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားစာပေးပို့

လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုအား တိုင်ကြားရာတွင် ဥပဒေကြောင်းအရ အကာအကွယ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားစာပေးပို့

ရန်ကုန် ၊ မတ် ၈ ။              ။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုများကို မရှက်မကြောက်တိုင်ကြားသည့် အမျိုးသမီးများအား ဥပဒေကြောင်းအရအကာအကွယ်ပေးရန်   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အမျိုးသမီးဆယ်ဦးက စာပေးပို့ခဲ့သည်ဟု စာပေးပို့ရာတွင် ပါဝင်ခဲ့သည် မမြတ်နိုးဦး(ခ) ဒိန်းပိုပိုဒေါင်က ပြောသည်။

"မရှက်မကြောက် ရဲရဲဝံ့ဝံ့ တိုင်ကြားလာတဲ့ အမျိုးသမီးတွေအပေါ်မှာ ဥပဒေကြောင်းအရ အကာအကွယ်ပေးရန်များကို တောင်းဆိုခဲ့ပါတယ်" ဟု မမြတ်နိုးဦး(ခ) ဒိန်းပိုပိုဒေါင်က ဆိုသည်။

ယနေ့ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Orchid ဟော်တယ်၌ ပြုလုပ်သည့် "ကိုးထပ်ကြီးဘုရား ဖြစ်စဉ်မှ နစ်နာမှုများ အပါအဝင် မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများအကြောင်း"  သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုးထပ်ကြီးဘုရားဗေဒင်ဟောခန်းတွင်အမျိုးသမီးငယ်အများအပြားကို ဗေဒင်ဆရာအောင်ချစ်ပိုမှ ခြိမ်းခြောက်ခြင်း ၊ လိင်ပိုင်းဆိုင်ရာ လက်ရောက်မှုများ ကျူးလွန်းခြင်းများအတွက် မမြတ်နိုးဦး(ခ) ဒိန်းပိုပိုဒေါင် နှင့် မမြင့်မြင့်ကေခိုင်တို့မှ ပုဒ်မ ၃၅၄ ၊ ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ထားသည်။

ယင်းအပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသည့် အမျိုးသမီးဆယ်ဦးမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့အား ဖေဖော်ဝါရီလ၁၆ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် တိုင်ကြားစာပေးပို့ခဲ့သည်။

"နစ်နာတဲ့ မိန်းကလေးတွေ ထပ်ပြီးတော့ မဖြစ်အောင် နဲ့ နောက်ထပ်ဒီလိုမဖြစ်အောင် ကိုယ်တိုင် အရှေ့က ဦးဆောင်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်" ဟု မမြတ်နိုးဦး(ခ) ဒိန်းပိုပိုဒေါင်က ပြောသည်။

လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုကျင့်နေမှုများအား ကျူးလွန်ခံရသည့် အမျိုးသမီးများမှ ဗေဒင်ဆရာ အောင်ချစ်ပို အား အမှုဖွင့် တိုင်ကြားသည့်အပေါ် ဗေဒင်ဆရာအောင်ချစ်ပိုက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ပြန်လည်အမှုဖွင့်ခြင်းများ ရှိနေသလို ၊ထပ်မံအမှုဖွင့်မည့်အမျိုးသမီးများအား ခြိမ်းခြောက်မှုများ ရှိနေသည်ဟု မမြတ်နိုးဦး(ခ) ဒိန်းပိုပိုဒေါင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required