အခွန်လိမ်လည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ဆလိုဗက်ကီးယား ဂျာနယ်လစ် အသတ်ခံရ

အခွန်လိမ်လည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ဆလိုဗက်ကီးယား ဂျာနယ်လစ် အသတ်ခံရ

ဖေဖော်ဝါရီ ၂၇ ။          ။ ထင်ပေါ်သူတစ်ချို့ ပါဝင်ပတ်သက်နေသည့် အခွန်အကောက်လိမ်လည်မှုကြီးတစ်ခုကို ဖော်ထုတ်ရေးသားရန် ကြိုးပမ်းနေခဲ့သော ဂျာနယ်လစ်တစ်ဦး အသတ်ခံလိုက်ရသည့် ဖြစ်စဉ်အပေါ် ဆလိုဗက်ကီးယား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေလျက်ရှိသည်။

အသက် ၂၇ နှစ်အရွယ် ဂျန် ကက်စီယက်ခ် ဆိုသူ သတင်းထောက်နှင့် ၎င်း၏ ချစ်သူအမျိုးသမီး မာတီနာ ကူစ်နီရိုဗာတို့နှစ်ဦး၏ ရုပ်အလောင်းများကို ဆလိုဗက်ကီးယားမြို့တော် ဘရက်တီစလာဗာ ၏ အရှေ့ဘက် မိုင် ၄၀ အကွာ ဗယ်လ်ကာ မာကာ  ကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယခု လူသတ်မှုဖြစ်စဉ်တွင် ဂျာနယ်လစ်တစ်ဦး၏ စုံစမ်းဖော်ထုတ်ရေးသားမှုကို နှုတ်ပိတ်အစဖျောက်လိုသည့် ရည်ရွယ်ချက် ရှိနေနိုင်ကြောင်း ဆလိုဗက်ကီးယားရဲတပ်ဖွဲ့မှ ရဲမှူး တီဘာ ဂက်စ်ပါက ပြောသည်။

သတင်းထောက် ကက်စီယက်ခ်ကို ရင်ဘက်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ရပြီး ၎င်း၏ချစ်သူအမျိုးသမီးကိုတော့ ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ရကြောင်း ဂက်စ်ပါက ပြောသည်။

ယခုအခါ ၎င်းသတင်းထောက် အသတ်ခံရမှုတွင် ကျူးလွန်သူ တရားခံများနှင့်ပတ်သက်၍ ကူညီသတင်းပေးနိုင်မည့်သူကို ယူရို တစ်သန်း ဆုငွေပေးမည်ဟု ဝန်ကြီးချုပ် ရောဘတ် ဖီကိုက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required