ရီးယဲလ်မက်ဒရစ်သို့ ပြောင်းချင်သည်ဟု ချယ်လ်ဆီးဂိုးသမားကော်တွိုက်ပြော

ရီးယဲလ်မက်ဒရစ်သို့ ပြောင်းချင်သည်ဟု ချယ်လ်ဆီးဂိုးသမားကော်တွိုက်ပြော

ဖေဖော်ဝါရီ ၇၊ လန်ဒန်။                 ။ ချယ်လ်ဆီးနှင့်ဖေဖော်ဝါရီလအတွင်း စာချုပ်ကိစ္စဆွေးနွေးရန် ရှိနေသည့် ဂိုးသမားကော်တွိုက်က ရီးယဲလ်မက်ဒရစ်သို့ပြောင်းရန် စိတ်ဝင်စားသည်ဟု   ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်လက်ရှိချန်ပီယံအသင်း၏စိတ်ဝင်စားခြင်းကိုခံနေရသော်လည်း အသက် ၂၅ နှစ်အရွယ်ဂိုးသမား စာချုပ်သစ်ချုပ်လိမ့်မည်ဟု ချယ်လ်ဆီးအသင်းကအကောင်းမြင်နေသည်။

ကော်တွိုက်ကိုချယ်လ်ဆီးအသင်းက အပိုဆုကြေးများအပါအဝင်တစ်ပတ်ပေါင် ၂၀၀, ၀၀၀ ဖြင့်ကမ်းလှမ်းချင်နေပြီး ယင်းမှာ မန်ယူနိုက်တက်အသင်းမှ ကမ္ဘာ့လုပ်ခလစာအများဆုံးဂိုးသမား ဒီဂီယာထက်ပိုများသည်။

ကော်တွိုက်သည် အက်သလက်တီကိုတွင်ကစားစဉ် ၂၀၁၁ မှ ၂၀၁၄ အတွင်း မက်ဒရစ်မြို့၌နေထိုင်ခဲ့ပြီး ရည်းစားဟောင်းနှင့် ကလေးနှစ်ယောက်မှာလည်း မက်ဒရစ်တွင်ဆက်လက်နေထိုင်ကြဆဲဖြစ်သည်။

ဘယ်လ်ဂျီယံမဂ္ဂဇင်း Sport နှင့်အင်တာဗျူးတွင် ကော်တွိုက်က စပိန်တွင် ယင်းတို့နှင့်ပြန်လည်တွေ့ဆုံရေးမှာ လွန်စွာစိတ်ဝင်စားစရာကောင်းသည်ဟု ဝန်ခံပြောဆိုခဲ့သည်။

“တကယ်လို့ရီးယဲလ်ကခေါ်ချင်တယ်ဆိုရင် ကျွန်တော့်အခြေအနေအပေါ်သက်ရောက်မှုရှိလာနိုင်ပါတယ်။ မိသားစုဆိုတာက အဖိုးမဖြတ်နိုင်ပါဘူး။ ဒါပေမဲ့လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးနဲ့သက်တမ်းတိုးဖို့ ကျွန်တော်အလုပ်များနေပါတယ်။

ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဘဝကတော့ မက်ဒရစ်နဲ့ပတ်သက်နေတာ သိကြပြီးသားပါ။ ကျွန်တော့်ကလေးနှစ်ယောက်က သူတို့အမေနဲ့ အဲဒီမှာနေနေပါတယ်။ သမီးနဲ့လည်းနေ့တိုင်းစကားပြောဖြစ်ပါတယ်။

အခွင့်သာတိုင်း ကျွန်တော် စပိန်ကိုပြန်နေကျပါ။ အခြေအနေအရ အမြဲတော့မလွယ်ဘူးပေါ့။ ကျွန်တော့်အသည်းနှလုံးက မက်ဒရစ်မြို့မှာပါ”ဟု ကော်တွိုက်ကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required