ပျောက်ဆုံး MH370 လေယာဉ် ပြန်ရှာတွေ့ပါက ရှာဖွေရေးကုမ္ပဏီကို ဒေါ်လာသန်း ရ၀ အထိ ပေးချေသွားဖို့ မလေးရှား သဘောတူ

ပျောက်ဆုံး MH370 လေယာဉ် ပြန်ရှာတွေ့ပါက ရှာဖွေရေးကုမ္ပဏီကို ဒေါ်လာသန်း ရ၀ အထိ ပေးချေသွားဖို့ မလေးရှား သဘောတူ

ဇန်နဝါရီ ၁၀ ။         ။ ၂၀၁၄ ခုနှစ်ကတည်းက ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား MH370 လေယာဉ်ကို ယခုအခါ အမေရိကန်ပင်လယ်ရေအောက် ရှာဖွေရေးကုမ္ပဏီ Ocean Infinity က ပြန်လည်ရှာဖွေသွားတော့မှာ ဖြစ်ပြီး ယင်းကိစ္စနဲ့ပတ်သက်လို့လည်း မလေးရှားအစိုးရနဲ့အကြား တရားဝင် သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

ယခုအခါမှာ  အဆိုပါ ပျောက်ဆုံးလေယာဉ်နဲ့ ယင်းရဲ့ black box ကို ရက်ပေါင်း ၉၀ အတွင်းမှာသာ ပြန် ရှာတွေ့မယ်ဆိုရင် အဆိုပါ ကုမ္ပဏီကို ဆုငွေ ဒေါ်လာ သန်း ၇၀ အထိ ပေးချေသွားဖို့ မလေးရှားအစိုးရ ဘက်က သဘောတူ လက်မှတ်ထိုးပေးလိုက်ပြီ ဖြစ်ပါတယ်။

ယင်း လေယာဉ်ကိုတော့ ယခင်နှစ်တွေတုန်းက ပိုက်စိတ်တိုက် ရှာဖွေမှုတွေ လုပ်ဆောင်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လက်လျှော့ထားခဲ့ရာကနေ ယခုအခါမှာတော့ အဆိုပါ အမေရိကန်ကုမ္ပဏီက ရှာဖွေပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။

"Ocean Infinity ရဲ့ အဓိကမစ်ရှင်ကတော့ လေယာဉ်အပျက်အစီးနဲ့ black box တို့ရဲ့ တည်နေရာကို ရှာဖွေဖို့ ဖြစ်ပါတယ်" လို့ မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး Liow Tiong  Lai က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

သြစတြေးလျ သုတေသီတွေက ဖြစ်နိုင်ခြေအရှိဆုံးဆိုပြီး  ဦးစားပေးဧရိယာ အဖြစ် သတ်မှတ်ပေးထားတဲ့ စတုရန်း ကီလိုမီတာ ၂၅,၀၀၀ ရှိ ဇုန်အတွင်းမှာ သုံးလအတွင်း ရှာဖွေသွားရမည်ဖြစ်ပြီး အကယ်လို့ ရှာတွေ့မယ်ဆိုရင်တော့ ကုမ္ပဏီအနေနဲ့ မလေးရှားအစိုးရထံကနေ ဒေါ်လာ သန်း ၅၀ ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ ယင်းဧရိယာကို ကျော်လွန် ရှာဖွေရပြီးမှ တွေ့ရှိမယ်ဆိုရင်တော့ ဒေါ်လာ သန်း ၂၀ ပိုရပြီး စုစုပေါင်း ဒေါ်လာသန်း ၇၀ ရမယ်လို့ သိရပါတယ်။

မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ်အမှတ် MH370 ကတော့ လွန်ခဲ့တဲ့ ၂၀၁၄ မတ်လ ၈ ရက်က ကွာလာလမ်ပူကနေ ပေကျင်းကို ဦးတည်ထွက်ခွာပျံသန်းသွားရင်း လမ်းမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required