အင်ဒိုနီးရှားတွင် နှစ်ရက်တာအတွင်း ဒုတိယအကြိမ် စက်လှေတိမ်းမှောက်မှုဖြစ်၍ လူ ၁၃ ဦး သေဆုံးပြန်

အင်ဒိုနီးရှားတွင် နှစ်ရက်တာအတွင်း ဒုတိယအကြိမ် စက်လှေတိမ်းမှောက်မှုဖြစ်၍ လူ ၁၃ ဦး သေဆုံးပြန်

 

ဂျကာတာ၊ ဇန်နဝါရီ ၆ ။             ။ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် ခရီးသည်တင်စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ရာ လူ ဆယ်သုံးဦး သေဆုံးကြောင်း ရဲက ဇန်နဝါရီ  ၅ ရက်၌ ပြောသည်။

အဆိုပါ ဆူမတြားကျွန်းမှာပင် ဖယ်ရီစက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်၍ လူကိုးဦးသေဆုံးခဲ့ပြီးနောက် နှစ်ရက်တာအတွင်း ယခုကဲ့သို့ ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။

ယခု စက်လှေတွင် ခရီးသည် ၅၅ ဦး တင်ဆောင်လာခဲ့ပြီး လှိုင်းလေထန်ပြီး သောင်ခုံပေါသည့် မူစီမြစ်တစ်လျှောက် ဆိုးဝါးသည့် ရာသီအခြေအနေတွင် ဇန်နဝါရီ ၃ ရက်က ခုတ်မောင်းလာစဉ် တိမ်းမှောက်ခြင်း ဖြစ်ကြောင်း တောင်ပိုင်းဆူမတြား ရေပြင်ရဲတပ်ဖွဲ့ အကြီးအကဲ ရောဘင်ဆန်ဆီရီဂါက ပြောသည်။

အသက်ရှင် ကျန်ရစ်သည်ဟု သိရပြီး လက်ရှိ ပျောက်ဆုံးနေသည့် စက်လှေ ကပ္ပတိန်ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ကပ္ပတိန်ရဲ့ လက်ထောက်အကူကိုတော့ ဖမ်းဆီးထားပါပြီ။ မေးမြန်းနေပါတယ်။ စက်လှေနစ်မြုပ်တာဟာ လှိုင်းဒဏ်လေဒဏ်ကြောင့်လား၊ ဒါမှမဟုတ် အမှုထမ်းတွေ ပေါ့ဆလို့လားဆိုတာ   ဖော်ထုတ်နေပါတယ်။”ဟု ဆီရီဂါက ပြောသည်။

မြစ်ကမ်းပါး တစ်လျှောက် ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီး တစ်ခုသော ရုပ်အလောင်းမှာမူ စက်လှေတိမ်းမှောက်မှုဖြစ်ရာမှ တစ်နာရီကြာ လမ်းလျှောက်ခရီးအကွာတွင်   ဒေသခံများက တွေ့ရှိခြင်း ဖြစ်သည်။

ကျွန်းစုပေါင်း ၁၇၀၀၀ ရှိသည့် အင်ဒိုနီးရှားကျွန်းနိုင်ငံတွင် ပြည်သူအများစုမှာ ရေလမ်းဖယ်ရီစက်သင်္ဘောများကို အဓိက အားထားနေရပြီး ယခု စက်လှေတိမ်းမှောက်မှုမှာ အသေအပျောက်များသော ရေလမ်းကြောင်း ခရီးအတွင်း နောက်ဆုံးဖြစ်ရပ်ပဲ ဖြစ်သည်။

နှစ်သစ်ကူးနေ့ကလည်း တာရာကန်မြို့မှ  ဘော်နီယိုကျွန်းရှိ တန်ဂျန်းဆီလော်သို့့ ဦးတည်သော ခရီးသည်တင်စက်လှေ တိမ်းမှောက်မှုတွင် လူကိုးဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required