ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးအပြီး ဆုံးဖြတ်ချက်များတွင် အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့များအား အစားထိုးဖြည့်ဆည်းမည်အပါအဝင် စစ်ဘေးရှောင် ပြည်သူများအား တတ်နိုင်သမျှပံ့ပိုးကူညီရန် အချက်များ ပါ၀င်နေသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်တွင် ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဋ္ဌမအကြိမ်အစည်းအဝေးအပြီး ဆုံးဖြတ်ချက်များမှာ အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့များအား အစားထိုးဖြည့်ဆည်းမည်၊ ပါတီးစည်ရုံးရေးကို တိုးမြှင့်ဆောင်ရွက်မည်၊ ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချီညီညီ ဆောင်ရွက်မည်၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းမည်၊ ဗဟိုကဖွဲ့စည်းသော လုပ်ငန်းအဖွဲ့များကို ပြန်လည်သုံးသပ်ပြီး ဖြည့်ဆည်းမည်၊ စစ်ဘေးရှောင်ပြည်သူများအား တတ်နိုင်သမျှ ပံ့ပိုးကူညီမည် ဆိုသော အချက်များ ပါ၀င်သည်။
ရှေ့လုပ်ငန်းစဉ်တွင် ဒုတိယအကြိမ် ပါတီညီလာခံ ကျင်းပရန် ဦးတည်မည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူပ်ရှားမှုများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်ေ ဆာင်ရွက်မည်၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးတည်မည် တို့ ပါရှိသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်တို့တွင် ပြုလုပ်သော ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးသို့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း ၊ ဦးဟန်သာမြင့် တို့အပါအဝင် NLD မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။