NCA လက်မှတ် ရေးထိုးသွားမည်ဟု မွန်ပြည်သစ် ထုတ်ပြန်ထား

NCA လက်မှတ် ရေးထိုးသွားမည်ဟု မွန်ပြည်သစ် ထုတ်ပြန်ထား
ဓာတ်ပုံ - မွန်ပြည်သစ်သတင်းစဉ်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။               ။ မွန်ပြည်သစ်ပါတီ NMSP ဌာနချုပ်၌ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ၂ ရက်တာကျင်းပပြီးနောက် စီစဉ်ဆောင်ရွက်စရာများ ပြီးစီးပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးသွားမည် ဟု မွန်ပြည်သစ်ပါတီ NMSP မှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ NMSP ဌာနချုပ်၌ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေး၌ နိုင်ငံရေး ဖြစ်စဉ်နှင့် ငြိမ်းချမ်းရေး အလားအလာကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြပြီး အတူတကွ NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် နည်းလမ်းရှာဖွေဆွေးနွေးခဲ့သည် ဟု မွန်ပြည်သစ်မှ ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလို၍ မဇ္စျိမ မှ မွန်ပြည်သစ်ပါတီ မဟာမိတ် ဆက်ဆံရေးဌာနက နိုင်အောင်မငေးကို ဆက်သွယ်မေးမြန်းသော်လည်း ထုတ်ပြန်ချက်အတိုင်းသာ အတည်ယူရန် ပြန်လည်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့ နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ တွေ့ဆုံစဉ်က NCA ၌ လက်မှတ်ရေးထိုးရန် အချိန် ၃ လပေးရန် မွန်ပြည်သစ်မှ တောင်းဆိုထားခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် NCA လက်မှတ်ထိုးမထိုး တိကျသေချာသည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေသည့် အဖွဲ့လည်း ဖြစ်သည်။ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU) တို့ ပါ၀င်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required