မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆို

မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆို

မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ ပါဝင်မှု၊ သြဇာလွှမ်းမိုးမှု မရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာရ်အက်ဖ်အေ သတင်းဌာနကို ပြောကြားလိုက်သည်။

" ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားသည်။

၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပါဝင်လာကြောင်း ပြောဆိုနေမှု ရှိသည့်အပေါ် RFAက မေးမြန်းမှုကို ""ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြုပြီးတော့ ဂါရဝပြုတာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက်ဂါရဝပြုတာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာခဏပြောပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည် ဖြေကြားသည်။

လတ်တလော နိုင်ငံရေးအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်ကနေ ရပ်တည်ပေးရမှာက လိုအပ်ချက်ဖြစ်ကြောင်း နှင့် လက်ရှိ နိုင်ငံတော်အကြီးအကဲ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်မှုအောက်တွင် တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် လိုက်နာဆောင်ရွက်သွားရမည်ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required