ဂျပန်ဘုရင် အကီဟီတို ထီးနန်းစွန့်မည့် ရက်အတိအကျ ကြေညာ

ဂျပန်ဘုရင် အကီဟီတို ထီးနန်းစွန့်မည့် ရက်အတိအကျ ကြေညာ

 

ဒီဇင်ဘာ ၁ ။          ။ အသက်အရွယ် ကြီးရင့်လာပြီဖြစ်သည့် ဂျပန်ဘုရင် အကီဟီတိုသည် လာမည့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် ထီးနန်းစွန့်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းအတွက်ကြောင့် ဘုရင် အကီဟီတို အနေဖြင့် ရာစုနှစ် နှစ်စုကျော်အတွင်း ထီးနန်းစွန့်သည့် ပထမဆုံးသော ဂျပန်ဘုရင်လည်း ဖြစ်လာတော့မည်ဖြစ်သည်။

သက်တော် ၈၃ နှစ်ရှိ ဘုရင် အကီဟီတိုအနေဖြင့် ၎င်း၏ ကျန်းမာရေး အခြေအနေများကြောင့် သားတော်ကို ထီးနန်းလွှဲပြောင်းပေးအပ်ကာ အနာယူချင်နေပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ကာလအနည်းငယ်က ထုတ်ပြန်ကြေညာခဲ့သဖြင့် ပြည်သူအများ အံ့အားသင့်ခဲ့ကြရသည်။

ယခုအခါ ဘုရင်ကြီး နန်းစွန့်မည့် ရက်အတိအကျနှင့်ပတ်သက်၍ ဂျပန်မင်းဧကရာဇ် ကောင်စီအထူးအစည်းအဝေးက အတည်ပြု ဆုံးဖြတ်ပေးလိုက်ပြီ ဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်ကြောင့် စိတ်နှလုံးများစွာ ထိခိုက်ဝမ်းနည်းရပါကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြားသည်။

" ဘုရင်ကြီး နန်းစွန့်မှုနဲ့ အိမ်ရှေ့စံ မင်းသား နန်းတက်ပွဲ အခမ်းအနားတွေ ကျင်းပနိုင်ဖို့ အစိုးရဘက်က တတ်စွမ်းသမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု အာဘေးက ပြောသည်။

ဘုရင် အကီဟီတို၏ အကြီးဆုံး သားတော်ဖြစ်သည့် အသက် ၅၇ နှစ်အရွယ် အိမ်ရှေ့စံ မင်းသား နာရူဟီတိုမှာ ယင်း ဧပြီ ၃၀ နောက်တစ်နေ့ မေလ ၁ ရက်တွင် ဘုရင်အဖြစ် နန်းတက်မည်ဟု မျှော်လင့်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required