၂၀၁၇ခုနှစ်၏ ညှို့အားအပြင်းဆုံးအမျိုးသားအဖြစ် ဘလိတ်ခ်ရှယ်တွန်ကို People မဂ္ဂဇင်းရွေးချယ်

၂၀၁၇ခုနှစ်၏ ညှို့အားအပြင်းဆုံးအမျိုးသားအဖြစ် ဘလိတ်ခ်ရှယ်တွန်ကို People မဂ္ဂဇင်းရွေးချယ်

 

အမေရိကန်သီချင်းဆိုပြိုင်ပွဲ The Voice အစီအစဉ်မှ ဒိုင်တစ်ဦးဖြစ်သော ကျေးလက်အဆိုတော် ဘလိတ်ခ်ရှယ် တွန်အား People မဂ္ဂဇင်းက ၂၀၁၇ ခုနှစ်၏ ညှို့အားအပြင်းဆုံး အမျိုးသားတစ်ဦးအဖြစ် ရွေးချယ်လိုက်သည်။

“ကျနော့်ဘဝတစ်လျှောက်လုံး ကျနော့်ကိုယ်ကျနော်ရုပ်ဆိုးတယ်လို့ပဲယူဆခဲ့တာပါ။ နှစ်တစ်နှစ်အတွက် ညှို့အားအပြင်းဆုံးအမျိုးသားအဖြစ် ရွေးခံရတယ်ဆိုရင်တော့ လက်ခံဖို့အသင့်ပါပဲ” ဟု သူ၏ရုပ်ရည်သွင်ပြင်နှင့် ပက်သက်၍ အနည်းငယ်ရှိးတိုးရှန့်တန့်ဖြစ်နေသော ဘလိတ်ခ်ရှယ်တွန်က အင်္ဂါနေ့က ပြောခဲ့သည်။

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်သားဖြစ်သော ဘလိတ်ခ်ရှယ်တွန်သည် NBC ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် The Voice သီချင်းဆိုပြိုင်ပွဲအစီစဉ်၌   အောင်မြင်သောဒိုင်လူကြီးအနေနှင့်ရော   ကျေးလက်ဂီတ အဆိုရှင်အဖြစ်ပါ လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတည်းကစ၍ လူကြိုက်များလာခဲ့သူဖြစ်သည်။

ယခုလအစောပိုင်းတွင် Texoma Shore ဟု အမည်ပေးထားသော တေးအယ်လ်ဘမ်ကိုဖြန့်ချီထားသည့် ဘလိတ်ခ်က သူသည် ညှို့အားအပြင်းဆုံးအမျိုးသားဆိုသော ဂုဏ်ပုဒ်ကိုရရှိခဲ့သည့်အတွက် The Voice ပြိုင်ပွဲမှ အခြားနာမည်ကျော်ဒိုင်လူကြီးတစ်ဦးဖြစ်သော Maroon 5 အဖွဲ့မှ သူ၏သူငယ်ချင်းဖြစ်သူ အဆိုတော် အဒမ်လက်ဗင်းကို စနောက်ဖို့ မစောင့်နိုင်တော့ကြောင်း People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

အဒမ်လက်ဗင်းသည် လွန်ခဲ့သော ၂၀၁၃ခုနှစ်က အဆိုပါဂုဏ်ပုဒ်ကို ရရှိခဲ့ဖူးသည်။

“ကျနော်ဟာ ဒီဂုဏ်ပုဒ်နဲ့ပက်သက်ပြီး အခြားလူဖြောင့်ကြီးတွေဖြစ်တဲ့ ဟုချ်ဂျက်မန်းတို့လို နှိမ့်နှိမ့်ချချနေမှာ တော့မဟုတ်ပါဘူး။ လူတွေကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး ကျနော့်ကိုမုန်းတော့မှာပဲ” ဟု ဘလိတ်ခ်က နောက်ပြောင်ပြောဆိုခဲ့သည်။

ဘလိတ်ခ်ရှယ်တွန်သည် ကျေးလက်အဆိုတော်မီရန်ဒါလမ်းဘတ်နှင့် ယခင်ကလက်ထပ်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်က ကွာရှင်းခဲ့ကာ ထို့နောက်တွင် ပေါ့ပ်အဆိုတော်ဂွမ်စတက်ဖနီနှင့်အတူ ၂ နှစ်ခန့်လက်တွဲခဲ့ဖူးသည်။ ဒါ့အပြင် စတက်ဖနီသည် သူ့အား အဆိုပါဂုဏ်ပုဒ်ကိုလက်ခံဖို့ အားပေးစကားပြောဆိုခဲ့ကြောင်း သူက ပြောခဲ့သည်။

နှစ်အလိုက် ညှို့အားအပြင်းဆုံးအမျိုးသားများအဖြစ် ရွေးချယ်ခံခဲ့ရဖူးသော အခြားနာမည်ကျော်အမျိုးသားများ မှာ ဒွိန်းဂျွန်ဆန်၊ ဘရက်ပစ်၊ ဂျော့ကလူးနေး၊ ဂျွန်နေးဒပ်၊ ဟန်ရီဆန်ဖော့ဒ်၊ ရိုင်ယန်ရေးနိုးလ်နှင့် ဒေးဗစ်ဘက်ခမ်းတို့ ဖြစ်ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required