လွိုင်ကော် ၊ သြဂုတ် ၁၇ ။ ။ ၆၇ နှစ်မြောက် ကရင်နီတပ်မတော်နေ့ကို ပြည်တွင်းတွင် ဒုတိယအကြိမ် အဖြစ် အမှတ်(၅)မြို့နယ် လိုဘာခို ခရိုင် ဖရူဆိုမြို့နယ် တော်ခုူကျေးရွာအုပ်စု ကလိလျားကျေးရွာ တွင် သြဂုတ် ၁၇ ရက်တွင် စစ်ရေးပြခြင်းနှင့်အတူ အခမ်းအနား ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် KNPP ဗဟိုကော်မတီမှ ခူးဒယ်နီယယ်က “ ကျွန်တော်တို့ နှစ်ပေါင်း ၇၀ နီးပါး စစ်အစိုးရနဲ့ တိုက်ရင်းခိုက်ရင်းလာရင်းနဲ့ လက်ရှိ အပစ်ခတ်ရပ်စဲရေးအကြိမ်ကြိမ် လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးအခြေအနေအရ တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့က ကျွန်တော်တို့ အ ဆင့်ဆင့်ကို သွားနေပါတယ်။”ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေး(သို့မဟုတ်) ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးနေစဉ်တွင် နောက်ဆုတ်ရန် မရှိဘဲ ချမှတ်ထားသော ရည်မှန်းချက် လမ်းစဉ်အတိုင်း ဆက်လုပ်သွားရန် ရှိကြောင်းလည်း ၎င်းက ပြောသည်။
၎င်းအခမ်းအနားတွင် ကရင်နီမှ သက်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ ကယန်းပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ ဌါနဆိုင်ရာပဂ္ဂိုလ်များ၊ ကရင်နီတပ်မတော်သား အစရှိသည့် လူဦးရေ (၅၀၀)ကျော်တက်ရောက်သည်။