ပန်းဦးလွှတ်သည်ဟု ဖြစ်ပွားနေသောကိစ္စအား ကာယကံရှင်များ လာရောက်တိုင်ကြားထား

ပန်းဦးလွှတ်သည်ဟု ဖြစ်ပွားနေသောကိစ္စအား ကာယကံရှင်များ လာရောက်တိုင်ကြားထား
ဓာတ်ပုံ-အလံတစ်ရာဘုရားနှင့် ဒေသခံများ

 

အောက်တိုဘာ ၂၀ ။                           ။ မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာ နယ်မြေတွင် ပန်းဦးလွှတ်သည်ဟုဆိုကာ ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် အမျိုးသမီးငယ်၏ အုပ်ထိန်းသူကိုယ်တိုင်အပါအဝင် ၇ ဦးလာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဘာသာရေးကို အကြောင်းပြ၍ ပန်းဦးလွှတ်ပြုလုပ်နေမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်ရယူပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရဖွဲ့ဝင်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ပြောကြားသည်။

“အရင်ကဆိုရင် သိသိကြီးနဲ့ တိုင်တဲ့သူမရှိလို့ အရေးယူဆောင်ရွက်လို့မရဘူး။ အခုတိုင်ကြားတဲ့သူရှိလာပြီးဆိုတော့ အရေးယူဆောင်ရွက်သွားမှာပါ။ အရေးယူဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်မတို့အစိုးရအဖွဲ့ပဲ မပြီးဘူး။ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”ဟု ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။


အလံတစ်ရာဆရာတော်ကြီး ဝင်စားသည်ဟု ဆိုသော ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက အမျိုးသမီးငယ်များအား ကျူးလွန်နေကြောင်း သိရသည်။

၂၀၁၄ ခုနှစ်မှ စတင်ကာ ၂၀၁၆ ခုနှစ်အထိအထိ မိန်းကလေးငယ် ၆ ဦးကို လက်ထပ်ကာ ၎င်းနောက် ကွာရှင်းခြင်းမပြုဘဲ မိဘထံပြန်နေစေခြင်း၊ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလံတစ်ရာနယ်မြေတွင် ဘာသာရေးကို အခြေခံအကြောင်းပြု၍ ယခင်အစိုးရလက်ကတည်းက အသက် ၁၄-၁၅ နှစ် အမျိုးသမီးလေးများကို ပန်းဦးလွှတ်နေမှုများ ဖြစ်ပေါ်နေသော်လည်း မည်သူ့တစ်ယောက်မှ တိုင်ကြားခြင်းမရှိခြင်းကြောင့် အရေးယူဆောင်ရွက်နိုင်ရန် အခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း သထုံမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောဆိုသည်။

“ဒီနေရာမှ ဒီလိုကိစ္စဖြစ်နေတယ်။ တိုင်တဲ့သူမရှိဘူးလားဆိုတော့ မရှိဘူး။ တိုင်ကြားဖို့ ကိုယ်တိုင် အဲဒီရွာဆင်းပြီး ပြောတဲ့သူကိုတောင် ရန်သူလို သတ်မှတ်တဲ့ အနေအထားမျိုးရှိနေတယ်။ မိန်းကလေးငယ်တွေရဲ့ မိဘတွေကိုယ်တိုင်က အသိဉာဏ်မရှိဘဲ ကိုယ့်သားသမီးတွေကို သိဒ္ဓိတင်တယ်လို့ အတွေးဝင်နေတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

အလံတစ်ရာဆရာတော်ကြီး ဝင်စားသည်ဟု ဆိုသော ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူမှာ လက်ရှိအချိန်တွင် ယင်းနေရာ၌ ရောက်ရှိနေမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းကျေးရွာဒေသခံများထံက စုံစမ်းသိရသည်။

အလံတစ်ရာကျေးရွာမှ အမျိုးသမီးငယ်များကို ပန်းဦးလွှတ်သည့် ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌထံ တိုင်ကြားစာနှစ်စောင်ရောက်ရှိ ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကြားနာမည်ဖြစ်သည်။

" အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံတယ်" ဟု မွန်ပြည်နယ် ပအိုဝ်းစာပေ ယဉ်ကျေးမှု အဖွဲ့ အတွင်းရေးမှူး ခွန်သန်းဝေ က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly