အင်အားသုံးခြင်း မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့အစည်းအား တုံ့ပြန်ကာကွယ်ခြင်းဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြော

အင်အားသုံးခြင်း မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့အစည်းအား တုံ့ပြန်ကာကွယ်ခြင်းဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြော
 ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

 

အောက်တိုဘာ ၃ ။                   ။ ရခိုင်ပြည်နယ်အရေးတွင် အင်အား အလွန်အကျူး သုံးစွဲတိုက်ခိုက်နေခြင်းမဟုတ်ဘဲ အကြမ်းဖက် အဖွဲ့အစည်းမှ တိုက်ခိုက်လာမှုကို တုံ့ပြန်ကာကွယ်နေခြင်းသာ   ဖြစ်သည်ဟု  အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများသာမက အခြားကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ တက်ရောက် နားထောင်နိုင်သည့် (Open Chamber) အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့ရာ ယင်းသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ARSA အကြမ်းဖက်အဖွဲ့၏ စတင်တိုက်ခိုက်လာမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တိုက်ပွဲများ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ရပ်စဲသွားခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့သည့် လူ့အသိုက်အဝန်းအားလုံး အား လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျက်ရှိကာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေသူများအား ၎င်းတို့၏ ဆန္ဒအရ နေရပ်သို့ လုံခြုံဘေးကင်းစွာ ပြန်လာနိုင်စေရေး အတွက် ညှိနှိုင်းစိစစ် ဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်   နှစ်နိုင်ငံအဆင့်တွင် ထိတွေ့ဆွေးနွေးနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ ရေတိုရေရှည် စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ တိုက်ရိုက်သက်ဆိုင် ပတ်သက်နေသည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုလည်း ပါဝင်ဆွေးနွေးရန် ဖိတ်ကြားခဲ့ကြသောကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးအတွက် အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့ရသည့် အစိုးရတစ်ရပ်အနေဖြင့် “အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု”၊ “လူမျိုးစုလိုက်သုတ်သင် ရှင်းလင်းမှု” တို့ကို မည်သည့်အခါမျှ ကျူးလွန်ခြင်း/ ခွင့်ပြုထားခြင်းရှိမည် မဟုတ်ဟု  ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံနှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ ဖြစ်ကြသော အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါလ်နှင့် ဆွီဒင်တို့မှ အဆိုပြုချက်အရ ကျင်းပခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရပ်စ်က ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဦးစွာပြောကြားရာတွင် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချကြောင်း၊ မြန်မာအစိုးရအနေဖြင့် တိုက်ပွဲများ ချက်ခြင်းရပ်စဲရန်၊ လူသားချင်းစာနာမှု အကူအညီများ လွတ်လပ်စွာ ပေးအပ်နိုင်ရန်နှင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများအနေဖြင့် ၎င်းတို့၏ဆန္ဒအရ နေရပ်သို့ လုံခြုံဘေးကင်းစွာဖြင့် ပြန်နေထိုင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အစည်းအဝေး သို့ တက်ရောက်လာသည့် နိုင်ငံအများစုက အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်အပေါ် ထောက်ခံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့သော်လည်း အချို့နိုင်ငံများက မြန်မာနိုင်ငံအပေါ် အပြုသဘော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required