တောင်ဒဂုံ ဆီဘောက်ဆာကားမီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းခြောက်ရာကျော်ရှိ

တောင်ဒဂုံ ဆီဘောက်ဆာကားမီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းခြောက်ရာကျော်ရှိ
ဓာတ်ပုံ-မေသက်ဇင်

ရန်ကုန်၊ သြဂုတ် ၂၃ ။                      ။ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဆီဘောက်ဆာကားပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ရသည့် မီးလောင်မှုတွင် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်း ခြောက်ရာကျော်ရှိကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက မဇ္စျိမသို့ ပြောသည်။

“ မီးသတ်ကားတွေကို Level 4  အထိ လွှတ်တာပေါ့နော်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၆၆၄ သိန်းပါ “ ဟု ၄င်းက ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက် ၊ ည ၉နာရီခွဲ အချိန်ခန့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆီဘောက်ဆာကားကို ကွန်တိန်ကားတစ်စီးမှ နောက် ၀င်တိုက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မီးလောင်မှုဖြစ်ပွားရာနားတွင်နေထိုင်သူ မျက်မြင်သက်သေတစ်ဦးဖြစ်သည့် ဦးအောင်ကြည်က ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် RC သုံးထပ်တိုက်တစ်လုံး အပါအဝင် နေအိမ် ၆ လုံးခန့် မီးလောင် ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးအောင်ဆွေဝင်းက ပြောသည်။

ဆီဘောက်ဆာကားရှိ အကန့် ၅ ကန့်ရှိပြီး နောက်ဆုံးအကန့်မှ မီးတင်လောင်ကျွမ်းခဲ့သောကြောင့် ယာဉ်မောင်းမှာ ထွက်ပြေးလွှတ်မြောက်ခဲ့ပြီး နောက်မှဝင်တိုက်သည့် ကွန်တိန်နာကားယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဦးအောင်ဆွွေဝင်းက “ လတ်တလော အရေးယူထားတာကတော့ ၂၇၉/ ၂၈၅ ပေါ့ ။ ၂၈၅ ကတော့ ပေါ့ဆမီး ” ဟု အရေးယူမှုအခြေအနေကို ပြောပြသည်။

ည ၁၀ မိနစ် ၅၀ တွင် မီးငြိမ်းသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း ည ၁၁ နာရီ အထိ နေအိမ်အချို့မှာ ဆက်လက်လောင်ကျွမ်းပြီးေ နာက် ၁၁ နာရီ ကျော်ခန့်တွင် မီးငြိမ်းခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီးလောင်ရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိသူသာရှိပြီး သေဆုံးသူမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly