စင်ကာပူကွန်ဒို ၁၈လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သည့် မြန်မာအိမ်အကူမိန်းကလေး၏ အဖိုး ကွယ်လွန်

စင်ကာပူကွန်ဒို ၁၈လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သည့် မြန်မာအိမ်အကူမိန်းကလေး၏ အဖိုး ကွယ်လွန်
ဓာတ်ပုံ-စလုံးပေ့ချ်

ရန်ကုန်၊ သြဂုတ် ၁၈ ။           ။ စင်ကာပူနိုင်ငံရှိ အထပ်မြင့်ကွန်ဒို ၁၈လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူ မဇင်မာဦး၏ အဖိုးဖြစ်သူ  အသက်(၇၆)နှစ်အရွယ်ရှိ ဦးမောင်ကျော်သည် သြဂုတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ နေအိမ်၌ လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

မဇင်မာဦး၏ အဖိုး ဖြစ်သူနာရေးကိစ္စအဝဝကို Helping Hands Charityအဖွဲ့က တာဝန်ယူသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ စာရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။

 “အဖိုးနဲ့ အဖွားကို တစ်လ တစ်သိန်းခွဲစီ ပုံမှန်ထောက်ပံ့တယ်။ ဆေးရုံတက်ရတာမျိုးဆိုရင် ၅သိန်း ထောက်ပံ့တယ်။ အရှေ့ရက်က အဖိုးက ဆေးရုံတက်ထားရတယ်။ အခု အဖိုးဆုံးပြီဆိုတော့ အဖိုးအတွက် နာရေးကိစ္စရော၊အလှူအတန်းကိစ္စရောပါ စီစဉ်ပေးမယ်”ဟု Helping Hands Charity အဖွဲ့က စာရေးဆရာ ကိုဝေဟင်အောင်က မဇ္စျိမကို ပြောသည်။

မြိုတိုင်းရင်းသူ တစ်ဦးဖြစ်သည့် မဇင်မာဦးမှာ စင်ကာပူနိုင်ငံတွင် (၁၁)လကြာ အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် ဇွန်လ ၁၂ရက်နေ့ ညနေပိုင်းတွင် သူမအလုပ်လုပ်ကိုင်ရာ အထပ်မြင့်ကွန်ဒို၏ ၁၈လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သည်။

၎င်းသေဆုံးပြီးနောက် စင်ကာပူနှင့်မြန်မာနိုင်ငံရှိ အလှူရှင်များက သေဆုံးသူဆန္ဒဖြစ်သော သူ၏အဖိုးနှင့်အဖွား အား ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

မဇင်မာဦး၏ နောက်ဆုံးဆန္ဒအရ အဖိုးနှင့်အဖွားအတွက် ရရှိထားသည့် အလှူငွေများအား ရေရှည် ထောက်ပံ့ပေးနေပြီး  နှစ်ဦးစလုံး ကွယ်လွန်သွားပါက အလှုငွေများအားလုံးကို ဘုန်းတော်ကြီးသင်ကျောင်း၊  မိဘမဲ့ကျောင်း သို့မဟုတ် ပရဟိတအဖွဲ့တစ်ခုခုကို လွှဲပြောင်းလှူဒါန်းမည်ဖြစ်ကြောင်း Helping Hands Charityအဖွဲ့မှ သိရသည်။

“အရင်ကတည်းက အဖိုးနဲ့အဖွားအတွက် အိမ်ဆောက်ပေးဖို့ စီစဉ်ထားတာ။ အခု မိုးတွင်းလည်းရောက်တဲ့အပြင် အဖိုးကလည်း ဆုံးသွားတော့ နာရေးကိစ္စပြီး မိုးကုန်ရင်တော့ အိမ်ဆောက်ပေးဖို့ရှိပါတယ်”ဟု ကိုဝေဟင်အောင်က ဆိုသည်။

လက်ရှိတွင် မဇင်မာဦးနှင့် ပတ်သတ်ပြီး ပြည်တွင်းပြည်ပမှ ရရှိထားသည့် အလှူငွေများအားလုံးကို Helping Hands Charityအဖွဲ့က ဘဏ်စာရင်းဖွင့်ကာ ထိန်းသိမ်းခြင်းနှင့် အဖိုးအဖွားဖြစ်သူတို့ကို   ထောက်ပ့ံခြင်းများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် အလှုငွေစုစုပေါင်း ၂၇၇သိန်းကျော် ရရှိထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required