၀ ဌာနချုပ် ပန်ဆန်းမှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ

၀ ဌာနချုပ် ပန်ဆန်းမှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ
ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ သြဂုတ် ၁၈ ။           ။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်းမရှိသည့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ရ ဖွဲ့က ထိပ်သီးခေါင်းဆောင်များသည် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဌာနချုပ် ဖြစ်သည့် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေးနေသည်ဟု ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗုုိလ်မှူးချူပ် တာ့ဘုုန်းကျော် က အတည်ပြုပြောဆိုသည်။

"နိုင်ငံရေးဆွေးနွေးပွဲတွေက မဖြစ်နိုင်ဘူး ၊ မြန်မာအစိုးရဘက်ကလည်း ကျွန်တော်တို့ကို ကော်မတီအနေနဲ့ မတွေ့နိုင်ဘူးဆိုတဲ့ အနေအထားမှာ ကျွန်တော်တို့ နှစ်ဖက်ကြား   တွေ့ဆုံဆွေးနွေးပွဲတွေ   ဖြစ်မြောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေး ကြတာပါ" ဟု ဗိုလ်မှူးချုပ် တာ့ဘုန်းကျော်က ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ ၊ နံနက်က ပန်ဆန်းတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ၀အဖွဲ့ UWSA ၊ ကချင်အဖွဲ့ KIO၊ ပလောင်အဖွဲ့ PSLF ၊ ကိုးကန့်အဖွဲ့ MNDAA၊ ရှမ်းအဖွဲ့ SSPP ၊ ရခိုင်အဖွဲ့ AA ၊  မိုင်းလားအဖွဲ့ NDAA စသည့် အဖွဲ့ ရဖွဲ့က ထိပ်သီးခေါင်းဆောင်များ တက်ရောက်နေပြီး အစည်းအဝေးကို သုံးရက်ကြာကျင်းပမည်ဟု ဗိုလ်မှူးချုပ် တာ့ဘုန်းကျော်၏ ပြောဆိုချက်အရ သိရသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် အဆိုပါအဖွဲ့ ရ ဖွဲ့ ကို ဧပြီလ ၁၉ ရက်တွင် "ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့ပြီးနောက် ယင်းကော်မတီအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required