ကမ်ဘရီလ်မြို့၌ အကြမ်းဖက်သမား ၄ ဦးကို စပိန်ရဲများပစ်သတ်

ကမ်ဘရီလ်မြို့၌ အကြမ်းဖက်သမား ၄ ဦးကို စပိန်ရဲများပစ်သတ်

ဘာစီလိုနာ၊ စပိန်၊ သြဂုတ် ၁၈ ။            ။ ကတ်တလန်ဒေသရှိ ကမ်ဘရီလ်မြို့၌ သောကြာနေ့တွင်အကြမ်းဖက်သမားတစ်စုသည် မြို့တွင်းရှိလမ်းပေါ်မှ လမ်းသွားလမ်းလာများကို ကားနှင့်အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် လူ ၆ ဦးခန့်ကို ဒဏ်ရာရရှိစေခဲ့သောကြောင့် ရဲတပ်ဖွဲ့က ထိုအကြမ်းဖက်သမား ၄ဦးကို အသေပစ်သတ်ခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။

အဖွဲ့ဝင်ငါးဦးပါ၀င်သည့် ထိုအကြမ်းဖက်သမားတစ်စုသည် ကမ်ဘရီလ်မြို့ပေါ်ရှိ လူအုပ်ကြီးထဲကို ကားနှင့်အရှိန် ပြင်းစွာ မောင်းဝင်ခဲ့သောကြောင့် လူပေါင်း ၆ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ်ခဲ့ကြောင်း ကတ်တလန်ဒေသ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုပြီးနောက်တွင် ထိုအကြမ်းဖက်သမားများသည် ကားမောင်းပြေးရန် ကြိုးပမ်းခဲ့ကြပြီး ကတ်တလန် ရဲတပ်ဖွဲ့က ၄င်းတို့အုပ်စုအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် အကြမ်းဖက်သမား ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော ငါးယောက်မြောက်အဖွဲ့ဝင်မှာ ထွက်ပြေးရန် ကြိုးပမ်းခဲ့စဉ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏အဆိုအရ အကြမ်းဖက်သမားများသည် ဖောက်ခွဲရေးပစ္စည်းများကို ၄င်းတို့၏ခန္ဓာကိုယ်ပေါ်၌ တပ်ဆင် ထားကြောင်း သိရသည်။ ယခုအခါတွင် ရဲတပ်ဖွဲ့များသည် ကမ်ဘရီလ်မြို့ပေါ်ရှိ လမ်းမများအားလုံး၌ တပ်ဖြန့်ချ ထားပြီး လုံခြံုရေးပေးလျက်ရှိသည်။

ယခုဖြစ်စဉ်သည် ဘာစီလိုနာမြို့ရှိ လာ့စ်ရမ်းဘလက်စ်လမ်းမပေါ်၌ အကြမ်းဖက်သမားတစ်စုက ဗင်ကားတစ်စီး ဖြင့် လမ်းပေါ်ရှိလူအုပ်ကြီးကို အရှိန်နှင့်ဝင်တိုက်ခဲ့သောကြောင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့ပြီး ၁၀၀နီးပါးခန့် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်ဆိုးကြီးပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများအားလုံးကို IS အဖွဲ့ဝင် တပ်သားများက ကျူးလွန်ခြင်းဖြစ်ကြောင်း IS အဖွဲ့က ထုတ်ပြန်ကြေ ညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required