မန္တလေးမှ လေလွင့်ကလေးငယ်များနှင့် တောင်းရမ်းရန်စေခိုင်းသူများအား အရေးယူထိန်းသိမ်းနေ

မန္တလေးမှ လေလွင့်ကလေးငယ်များနှင့် တောင်းရမ်းရန်စေခိုင်းသူများအား အရေးယူထိန်းသိမ်းနေ
(ဓာတ်ပုံ၊မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ)

မန္တလေး၊ သြဂုတ် ၁၅ ။               ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ လေလွင့်ကလေးငယ်များ၊တောင်းရမ်းနေသည့်ကလေးငယ်များနှင့်တောင်းရမ်းရန် စေခိုင်းသူများကို ထိန်းသိမ်းအရေးယူမှုများဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊သန့်ရှင်းရေးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များ ပပျောက်စေရန်အတွက် အဖွဲ့အစည်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကို သြဂုတ်လ ပထမပတ်ကစတင်၍ အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၅ ရက်နေ့အထိ  လေလွင့်ကလေးငယ်နှင့်တောင်းရမ်းသည့်ကလေးငယ် ကျား/မ ၄၀ ဦးနှင့်နောက်ကွယ်မှ တောင်းရမ်းရန်စေခိုင်းသူအပါအဝင် လူကြီး ၂၀ ဦးတို့ ထိန်းသိမ်းဖမ်းဆီးခဲ့သည်။

၎င်းတို့ထဲမှ နောက်ကွယ်မှ စေခိုင်းသူ အမျိုးသမီး ၃ ဦးကို ချမ်းမြသာစည်မြို့နယ်တရားရုံးမှ သြဂုတ်လ ၁၄ ရက်နေ့တွင် ကလေးသူငယ်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းနှင့်ကလေးငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက်ထားပြီး လူကြီးများကို သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့ ပို့ဆောင်ထားသည်ဟု ဦးစိုးတင့်အောင်က ဆိုသည်။

"ထိန်းသိမ်းထားတဲ့ ကလေးငယ်တွေကိုတော့ ကျောင်းတက်နေတယ်ဆိုရင် ကျောင်းထောက်ခံစာနဲ့ပထမ တကြိမ်တော့ လူမှုဝန်ထမ်းဦးစီးဌာနက ပြန်လွှတ်ပေးမယ်။ဒုတိယအကြိမ်ဆိုရင်တော့ လူငယ်သက်တန်းကျောင်းပို့ပါမယ်။ ခိုင်းစေတဲ့လူကြီးတွေကိုတော့ ကလေးသူငယ် ဥပဒေနဲ့အရေးယူသွားပါမယ်။"ဟုဦးစိုးတင့်အောင်ကပြောသည်။

မန္တလေးမြို့တွင် လေလွှင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့် ကလေးငယ်များပပျောက်စေရန်အတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဦးစိုးတင်အောင်ကဆိုသည်။

ထိုသို့ လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းနေသည့်ကလေးငယ်များ ပပျောက်စေရန်အတွက် ၂၀၁၂ခုနှစ်ကပင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှဆောင်ရွက်နေသော်လည်း ဌာနဆိုင်ရာများနှင့်ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုများအားနည်းခဲ့ခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ကြောင်း ဦးစိုးတင့်အောင်က ဆိုသည်။

"ကျွန်တော်တို့ ၂၀၁၂ ကတည်းကလုပ်နေတယ်။မအောင်မြင်ဘူး။ကျွန်တော်တို့က ထိန်းသိမ်းဖို့ သက်ဆိုင်ရာပို့တယ်။ကျွန်တော်တို့ကသာ ပို့တယ်။ပြီးရင် ဒီနေရာ ပြန်ရောက်တာပဲ။အခုတော့ ပူးပေါင်းပါဝင်မှု ရှိလာတဲ့အတွက်အောင်မြင်တယ်။အရေးယူမှုတွေ ဆက်လက်လုပ်သွားမယ်။"ဟု ဦးစိုးတင့်အောင်ကပြောသည်။

လက်ရှိတွင် လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းသည့်ကလေးများပပျောက်ရေး၊နောက်ကွယ်မှ ခိုင်းစေသူများကို ဖမ်းဆီးအရေးယူနိုင်ရေးတို့အတွက် စည်ပင်သာယာရေးကော်မတီ၊တိုင်းရဲတပ်ဖွဲ့၊လူမှုဝန်ထမ်းဦးစီးဌာနစသည့်အဖွဲ့အစည်းများဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

လေလွင့်ကလေးငယ်များနှင့်တောင်းရမ်းသည့်ကလေးငယ်များပပျောက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီးဌာနက လူစည်ကားရာနေရာများတွင် ပညာပေးဟောပြောမှုများနှင့်ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးလျှက်ရှိကြောင်းသိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လေလွင့်ကလေးငယ်များ၊တောင်းရမ်းနေသည့်ကလေးငယ်များနှင့်စေခိုင်းနေသူများကို တွေ့ရှိပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊သန့်ရှင်းရေးဌာန၊ဖုန်း ၀၉ ၂၀၁ ၀၄၄၂၊ ၀၉ ၅၁၉ ၃၆၃၄ နှင့် ၀၉ ၄၂၂၀၀ ၀၃၁၄ သို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required