မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မယ့် အမှုဆောင်ချုပ် ရစ်ချတ် အာနိုးလ်

By By PKThawn
16 November 2023
မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မယ့် အမှုဆောင်ချုပ် ရစ်ချတ် အာနိုးလ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်ချုပ် ရစ်ချတ် အာနိုးလ်ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် ရစ်ချတ် အာနိုးလ်ဟာ ယူနိုက်တက်ရဲ့ စီနီယာအမှုဆောင်အရာရှိအဖြစ် ၂၀၂၂ ဖေဖော်ဝါရီလမှာ အက်ဒ် ဝုဒ်ဝဒ်နေရာ အစားထိုးဝင်ရောက်ခဲ့တာပါ။

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ Ineos Group ဟာ ပရီးမီးယားလိဂ်ဘီလူးကြီးတွေဆီမှာ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူအပြီးသတ်ဖို့ ပြင်ဆင်နေချိန်မှာ သူ့ရဲ့ထွက်ခွာမှုက ထွက်ပေါ်လာတာပါ။

ရက်ကလစ်ဖ်ရဲ့ သဘောတူညီချက်အပေါ် ဒီကနေ့မှာ ကြေညာဖွယ်မရှိဘူးလို့ သိရပါတယ်။

Ineos Group ဟာ သူတို့ရဲ့ အနည်းစုဝယ်ယူမှုအတွက် ပေါင် ၁.၂၅ ဘီလီယံခန့် ပေးချေဖို့ စီစဉ်ထားပြီး နိုဝင်ဘာလရဲ့ နိုင်ငံတကာကြားရက်ပွဲစဉ်တွေအတွင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကလပ်အသင်းဟာ အမြဲတမ်း အမှုဆောင်ချုပ်နေရာ အစားထိုးမှုကို ဆုံးဖြတ်နေစဉ်မှာ အထွေထွေအကြံပေး ပက်ထရစ် စတီးဝပ်က ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

စတီးဝပ်ဟာ မကြာသေးခင်က ပရီးမီးယားလိဂ်နဲ့ ဥရောပကလပ်တွေရဲ့ အဖွဲ့အစည်းအဝေးတွေမှာ ယူနိုက်တက်ကို ကိုယ်စားပြုထားပါတယ်။

"ပြီးခဲ့တဲ့ ၁၆ နှစ်တာလုံး ဒီကြီးကျယ်တဲ့ ဘောလုံးအသင်းကို ထမ်းဆောင်ပေးရတာက အံ့သြလောက်စရာ အခွင့်ထူးတခုပါပဲ"လို့ အာနိုးက ပြောပါတယ်။

"အနိမ့်အမြင့်ဖြတ်သန်းခဲ့တဲ့ကာလတလျှောက် ကျနော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့ အပ်နှံမှုက အမြဲမပြတ်ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ကတိကဝတ်တွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ ကလပ်နဲ့ ဆက်စပ်သူအားလုံးကို အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။"

ရက်ကလစ်ဖ်ရဲ့ သဘောတူညီမှု ကြေညာချက်နဲ့ ပရီးမီးယားလိဂ်မှ အတည်ပြုချက်ကြားမှာ ခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကွာဟသွားမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ ဗြိတိန်ဘီလျံနာဟာ ကလပ်လည်ပတ်မှုလုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်မှာ မဟုတ်ပါဘူး။

အာနိုးလ်ဟာ ၂၀၀၇ ဩဂုတ်လမှာ ယူနိုက်တက်သို့ ပထမဆုံးပူးပေါင်းခဲ့ပြီး သူဟာ ဝုဒ်ဝဒ် နေရာကို ယူလိုက်ချိန်အထိ ၂၀၁၃ ကနေ ကလပ်ရဲ့ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

မကြာသေးခင်က သူဟာ Adidas၊ Qualcomm တို့နဲ့ ယူနိုက်တက်ရဲ့ သိသာထင်ရှားတဲ့ စပွန်ဆာသဘောတူညီချက်တွေကို ကြီးကြပ်ခဲ့ပေမယ့်လည်း တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ရဲ့ ရှေ့ဆက်အခြေအနေအပေါ် သူ့ရဲ့ ကိုင်တွယ်မှုအတွက် ဝေဖန်ခံခဲ့ရပါတယ်။

မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှုနဲ့ ကျူးလွန်မှုအပါအဝင် မေဆန်ဂရင်းဝုဒ်ကို ပြင်းထန်တဲ့ စွဲချက်တွေကနေ ရုပ်သိမ်းပေးခဲ့ပြီးနောက် ကစားသမားက အိုးထရက်ဖို့ဒ်မှ ထွက်ခွာဖို့ မဆုံးဖြတ်ခင်မှာ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ပထမအသင်းနဲ့အတူ ပြန်လည်ပေါင်းပူးဖို့ စီစဉ်ထားကြောင်း အာနိုးလ်က ဝန်ထမ်းတွေကို ကနဦးမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။

မန်နေဂျာ အိုလီ ဂန်နား ဆိုးလ်ရှား ထုတ်ပယ်ခံရပြီး ယူနိုက်တက်တို့ဟာ အဆင့် (၆) နေရာနဲ့ ပြီးဆုံးခဲ့တဲ့ ရာသီကို သူက "အိပ်မက်ဆိုးတခု"လို့ ရည်ညွှန်းခဲ့တဲ့နောက် ၂၀၂၂ ဇွန်လက ပရိသတ်တွေ သူ့ရဲ့အိမ်အပြင်ဘက်မှာ ဆန္ဒပြဖို့ ပြင်ဆင်နေချိန် သူက ပရိသတ်တချို့ကို ဘားတခုသို့ ခေါ်သွားကာ တွေ့ဆုံခဲ့ပါတယ်။

ပထမပွဲထွက်ရာသီမှာ ကာရာဘာင်းဖလားကို ဆွတ်ခူးခြင်းဖြင့် ခြောက်နှစ်အတွင်း ကလပ်ရဲ့ ပထမဆုံးဆုဖလားကို ရယူပေးခဲ့တဲ့ လက်ရှိမန်နေဂျာ အဲရစ် တန်ဟက်ဂ်ကို အားနိုးလ်က ပြီးခဲ့တဲ့နွေရာသီက ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီမှာ ခက်ခဲတဲ့ ရာသီအစကို ရင်ဆိုင်နေရပြီး ပြိုင်ပွဲအရပ်ရပ်မှာ သူ့တို့ရဲ့ ပထမဆုံး ၁၈ ပွဲမှာ ကိုးပွဲရှုံးထားပါတယ်။

ပရိသတ်တွေဟာ ၂၀၂၁ မေလက လီဗာပူးလ်နဲ့ ကစားမယ့် ယူနိုက်တက်ရဲ့ အိမ်ကွင်းလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းစေခဲ့တဲ့ တကြိမ်အပါအဝင် မကြာသေးခင်နှစ်တွေအတွင်း ဂလေဇာမိသားစုရဲ့ ကလပ်အသင်းရဲ့ ပိုင်ဆိုင်မှုကို ဆက်လက် ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly