နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ဗဟိုဘဏ်ဝန်ထမ်းတွေ သပိတ်မှောက်

နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ဗဟိုဘဏ်ဝန်ထမ်းတွေ သပိတ်မှောက်

သြဂုတ် ၂ ။                 ။ လုပ်ခလစာငွေနည်းပါးမှုအပေါ် ကျေနပ်မှုမရှိကြတဲ့ အင်္ဂလန်ဗဟိုဘဏ် ၀န်ထမ်းတစ်ချို့က သြဂုတ် ၁ ရက်က ဘဏ်ကို စတင်သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ယခုလို အင်္ဂလန်ဘဏ်ဝန်ထမ်းတွေ သပိတ်မှောက်ခြင်းဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပြီး ၎င်းတို့အတွက် လစာငွေတိုးမြှင့်ပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပါတယ်။

အင်္ဂလန်ဗဟိုဘဏ်မှာ အလုပ်လုပ်နေကြတဲ့ လုံခြံုရေးနဲ့ ပြင်ထိန်းလိုမျိုး ဌာနတွေက အခြေခံဝန်ထမ်းတွေဟာ ယမန်နေ့ကစလို့ ဘဏ်အပေါ် သုံးရက်တာ သပိတ်မှောက်မှုကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဘဏ်က ခွင့်ပြုပေးထားတဲ့ လစာတိုးပေးမှုပမာဏ ဟာလည်း ၎င်းတို့အတွက်တော့ မဖြစ်စလောက် ပမာဏသာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ယခုလို ၀န်ထမ်းတွေရဲ့ သပိတ်မှောက်မှုနဲ့ပတ်သက်လို့ ဘဏ်တာဝန်ရှိသူတွေဘက်က လာရောက်ညှိနှိုင်းဖြေရှင်းပေးဖို့ ယင်းဘဏ်အလုပ်သမားသမဂ္ဂက ဆန္ဒရှိနေပြီး အထူးသဖြင့်တော့ ဗဟိုဘဏ်ဥက္ကဌ Mark Carney အပေါ် ပြစ်တင်ပြောကြားမှုတွေ ပြုလုပ်နေလျက်ရှိပါတယ်။

ယခု သပိတ်မှောက်မှုကို လန်ဒန်မြို့က ဘဏ်ရဲ့ ရုံးဌာနချုပ်အပြင်မှာ ပြုလုပ်နေတာဖြစ်ပြီး အများစုကတော့ Mark Carney မျက်နှာဖုံးကို ၀တ်ဆင်ဆန္ဒပြနေကြလျက်ရှိပါတယ်။

ယခုနှစ်ထဲမှာ ဘဏ်ဝန်ထမ်း သုံးပုံ ပုံတစ်ပုံလောက်က လစာငွေ တိုးမြင့်သတ်မှတ်ပေးခြင်း ခံမထားရဘူးဆိုပြီးတော့လည်း သမဂ္ဂက ပြောပါတယ်။

" ဒီလိုအခြေအနေမှာ ဗဟိုဘဏ် ဥက္ကဌ ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးရမှာပါ၊ ခုလို ၀န်ထမ်းတွေဘက်က တောင်းဆိုချက်တွေအတိုင်း ပြေလည်အောင် သူတို့ဘက်က မရှင်းပေးနိုင်လို့ ခုလို နှစ် ၅၀ ကျော်အတွင်း ပထမဆုံးသပိတ်မှောက်မှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်" လို့လည်း သမဂ္ဂ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Peter Kavanagh က ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required