ဆီနာလိုအာမူးယစ်ရာဇာ၏ ငွေကိုင်မန်နေဂျာအား မက္ကစီကိုရဲများဖမ်းဆီး

ဆီနာလိုအာမူးယစ်ရာဇာ၏ ငွေကိုင်မန်နေဂျာအား မက္ကစီကိုရဲများဖမ်းဆီး

မက္ကစီကိုစီးတီး၊ သြဂုတ် ၁ ။                          ။ ဆီနာလိုအာပြည်နယ်မှ အင်အားကြီးမားသော မူးယစ်ဂိုဏ်း၏ မူးယစ်ရာဇာ ဒါမာဆိုလိုပက်ဇ်ဆာရာနို၏ ငွေကိုင် မန်နေဂျာဖြစ်သူ နာဟမ်အေဘရာဟမ်စီကိုင်ရော့စ်မွန်တယ်ဗိုအား မက္ကစီကိုစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တနင်္လာနေ့ က ဖမ်းဆီးခဲ့ကြောင်း မက္ကစီကိုရှေ့နေချုပ်ရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထောင်တွင်းသို့ရောက်ရှိနေသော ဆီနာလိုအာမူးယစ်ဂိုဏ်းခေါင်းဆောင် ဂျိုအာကွင်းအယ်လ်ချာပိုဂတ်ဇ်မန်း၏ ခေါင်းကိုင်သားဖြစ်ပြီး ထိုဒုစရိုက်ဂိုဏ်းကြီး၏ ခေါင်းဆောင်အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ထင်ကြေးပေးခံ နေရသော လိုပက်ဇ်ဆာရာနိုသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် ကယ်လက်စီကိုမြို့ရှိ အမေရိကန်မူးယစ်တိုက်ဖျက်ရေး အဖွဲ့ထံ၌ လက်နက်ချအညံ့ခံခဲ့သူဖြစ်သည်။

လိုပက်ဇ်ဆာရာနိုနှင့် ဆက်သွယ်မှုရှိသော စီကိုင်ရော့စ်မွန်တယ်ဗိုအား မက္ကစီကိုပြည်နယ်ရှိ အေတီဇာပန်ဒီ ဇာရာဂိုဇာမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရှေ့နေချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

မက္ကစီကို၌ဖမ်းဝရမ်း ထုတ်ခံထားရယုံသာမက ရာဇဝတ်မှုပူးပေါင်းကြံစည်မှု၊  မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ် မှုနှင့် အခြားစွဲချက်များဖြင့် တရားခံအဖြစ် အမေရိကန်သို့ လွှဲပြောင်းပေးဖို့   တောင်းဆိုခံထားရသော စီကိုင်ရော့စ်မွန်တယ်ဗိုအား ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအေဂျင်စီမှ အရာရှိများနှင့် စစ်သားများက ပူးပေါင်း ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ဒါ့အပြင် စီကိုင်ရော့စ်မွန်တယ်ဗိုအား ကယ်လီဖိုးနီးယား ပြည်ထောင်စုတရားရုံးမှ လွန်ခဲ့သော ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်နေ့က ဖမ်းဝရမ်းနှစ်ခုထုတ်ပြန်ထားခဲ့ကြောင်း မက္ကစီကို ရှေ့ချုပ်ရုံးမှ   ပြောကြားခဲ့သည်။

ဒါမာဆိုလိုပက်ဇ်ဆာရာနို၏ ဖခင်ဖြစ်သူ လိုပက်ဇ်နူနက်ဇ်နှင့် ဂိုဏ်းခေါင်းဆောင် အယ်လ်ချာပိုဂတ်ဇ်မန်း၏ သားဖြစ်သူ အစ္စမေးလ်အယ်လ်မေယိုတို့သည် အင်အားကြီးမားသော မူးယစ်ဂိုဏ်းကြီးကို ကြိုးကိုင်ထိန်းချုပ် နိုင်ဖို့အတွက် အားပြိုင်မှုများလုပ်ခဲ့သောကြောင့် ယခုနှစ်အတွင်း လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသည်။

ဆီနာလိုအာမူးယစ်ဂိုဏ်းကြီးသည် မက္ကစီကိုနိုင်ငံ၌ အင်အားအကြီးမားဆုံးနှင့် သက်တမ်းအရှည်ဆုံး မူးယစ်ဂိုဏ်းကြီးဖြစ်ကြောင်း ထောက်လှမ်းရေးအေဂျင်စီများ၏ အဆိုအရသိရပြီး ထိုအဖွဲ့ကြီးသည် စီးပွားရေး အင်ပါယာတစ်ခုကိုထူထောင်ပြီး အမေရိကန်၊ အနောက်ဥရောပ၊ အရှေ့ဥရောပ၊ တောင်အမေရိကားနှင့် အာရှနိုင်ငံကြီးများတွင် ၄င်းတို့၏လုပ်ငန်းများကို လုပ်ကိုင်လည်ပတ်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required