အမေရိကန် ဘယ်နေရာမဆို ပစ်ခတ်နိုင်စွမ်းသည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်အောင်မြင်ပြီဟု မြောက်ကိုရီးယားပြော

အမေရိကန် ဘယ်နေရာမဆို ပစ်ခတ်နိုင်စွမ်းသည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်အောင်မြင်ပြီဟု မြောက်ကိုရီးယားပြော

ပြံုယမ်း၊ ဇူလိုင် ၂၉ ။                 ။ အမေရိကန်အတွက် ရတက်အေးရတော့မည် မဟုတ်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို   နောက်ဆုံးစမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယားက   ကြွေးကြော်သည်။

ယခုစမ်းသပ်မှုသည် အမေရိကန်တစ်နိုင်ငံလုံး ဘယ်နေရာမဆို ပစ်ခတ်နိုင်စွမ်းရှိကြောင်းကို သက်သေပြနိုင်ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ပြောကြောင်း   နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သော သီတင်းသုံးပတ်က မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ်ဒုံးကျည် ပထမဆုံးစမ်းသပ်ပြီးနောက် ယခုတစ်ဖန် ပစ်လွှတ်စမ်းသပ်မှုကို လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုစမ်းသပ်မှုသည် မြောက်ကိုရီးယားအစိုးရ၏ အဆင်အခြင်မဲ့သော အန္တရာယ်ကြီးသည့် လုပ်ရပ်ပဲဟု ပြောသည်။

အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်သည် အမြင့် မိုင် ၂၃၀၀ အထိ ရောက်ရှိပြီး ၄၇ မိနစ်ကြာ ပျံသန်းနိုင်ခဲ့ကြောင်း ပစ်လွှတ်စမ်းသပ်မှုကို အတည်ပြုလျက် မြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်သည်။

“ခေါင်းဆောင်က ခုပစ်လွှတ်နိုင်မှုအပေါ်မှာ ဂုဏ်ယူကြောင်း ပြောပါတယ်။ အမေရိကန် ကုန်းတွင်းနေရာအားလုံးကို ပစ်နိုင်စွမ်းရှိတယ်လို့လည်း အတည်ပြုပါတယ်။”ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြသည်။

ယခု တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-14 သည် ဇူလိုင် ၃ ရက်က စမ်းသပ်ပစ်လွှတ်သည့် တိုက်ချင်းပစ်ဒုံးကျည်နှင့် တစ်မျိုးစားတည်းဖြစ်ကြောင်းလည်း ယင်းအေဂျင်စီက ဆိုသည်။

အဆိုပါ ဒုံးကျည်က မြောက်ပိုင်းဂျပန်ပင်လယ်အတွင်း ကျရောက်ခဲ့ကြောင်း ဇူလိုင် ၂၈ ရက် သတင်းများက ဖော်ပြသည်။

မြောက်ကိုရီးယား၏ ယခုလုပ်ရပ်ကို အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်တို့က မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ ပစ်လွှတ်ကာ စစ်ရေးလေ့ကျင့်မှုဖြင့် တုံ့ပြန်ခဲ့ကြောင်း အမေရိကန်စစ်တပ် သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

အဆိုပါ ဒုံးကျည်များကို အရှေ့ဖက်ကမ်း တောင်ကိုရီးယားရေပိုင်နက်တစ်လျှောက်တွင် ပစ်လွှတ်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်စစ်တပ်က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required