တရုတ်ကလပ်များ ကစားသမားသစ်ဝယ်ယူလျှင် ၁၀၀ ရာခိုင်နှုန်း အခွန်ဆောင်ရတော့မည်

တရုတ်ကလပ်များ ကစားသမားသစ်ဝယ်ယူလျှင် ၁၀၀ ရာခိုင်နှုန်း အခွန်ဆောင်ရတော့မည်

ဇွန် ၂၀၊ တရုတ် ။            ။ တရုတ်စူပါလိဂ်ကလပ်များအနေဖြင့် လာမည့်ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူပါက ၁၀၀ ရာခိုင်နှုန်း အခွန်ဆောင်ရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့်ရာသီအစ အပြောင်းအရွှေ့ဈေးကွက်တွင် တရုတ်ကလပ်များသည် ကစားသမားသစ်ဝယ်ယူရန် ပေါင် ၃၃၁ သန်းအထိ အသုံးပြုခဲ့ကြသည်။ ထိုပမာဏမှာ ပရီးမီးယားလိဂ်ကလပ်များ ဇန်နဝါရီအပြောင်းအရွှေ့တွင်အသုံးပြုသည့် ပမာဏထက် ပိုမိုများပြားခဲ့သည်။

တရုတ်ဘောလုံးအဖွဲ့ချုပ်သည် တရုတ်ကလပ်များငွေကြေးအလွန်အကျွံသုံးစွဲနေခြင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ကစားသမားသစ်ဝယ်ယူရာတွင် တန်ကြေး၏ ၂ ဆ ပေးချေရတော့မည်ဖြစ်ပြီး နိုင်ငံအတွက် အခွန်ပိုမိုရရှိစေမည် ဖြစ်သည်။

တရုတ်စူပါလိဂ်၏ ရာသီဝက်အပြောင်းအရွှေ့မှာ လာမည့် တနင်္လာနေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။

မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီနှင့် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာတို့မှာ တရုတ်စူပါလိဂ်သို့ ရောက်ရှိရန် သတင်းကြီးနေသူများဖြစ်သည်။ တရုတ်ကလပ်များသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက အော်စကာ၊ တီဗက်ဇ်တို့ အပါအဝင် ဥရောပမှ နာမည်ကြီးကစားသမားများကို များပြားလှသည့် ပြောင်းရွှေ့ကြေး၊ လစာငွေများဖြင့် ခေါ်ယူခဲ့ကြသည်။

တရုတ်စူပါလိဂ်၌ လာမည့်ရာသီသစ်တွင် နိုင်ငံခြားကစားသမား ၃ ဦးသာ ပါဝင်ခွင့်ပြုတော့မည်ဖြစ်ပြီး တရုတ် ယူ-၂၃ ကစားသမားများကို ပိုမိုထည့်သွင်းကစားရမည့်စည်းမျဉ်းကိုလည်း ချမှတ်တော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required