မြောက်ကိုရီးယားကို နောက်တစ်ကြိမ်သွားလည်ခဲ့တဲ့ အမေရိကန်ဘတ်စ်ကတ်ဘောသမား ဒင်းနစ် ရော့မန်း

မြောက်ကိုရီးယားကို နောက်တစ်ကြိမ်သွားလည်ခဲ့တဲ့ အမေရိကန်ဘတ်စ်ကတ်ဘောသမား ဒင်းနစ် ရော့မန်း

ဇွန် ၁၇ ။               ။ အမေရိကန် NBA ဘတ်စ်ကတ်ဘောသမား ဒင်းနစ် ရော့မန်းဟာ သူ့မိတ်ဆွေ ကင်မ်ဂျုံအန်း ရှိရာ မြောက်ကိုရီးယားကို နောက်တစ်ကြိမ်သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်မှာတော့  ပြုံယမ်းကနေတဆင့် ပေကျင်းမြို့ကို ပြန်ရောက်လာခဲ့ပါတယ်။

ယခု မြောက်ကိုရီးယားခရီးစဉ်ဟာ တကယ့်ကို ကောင်းတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ခဲ့တယ်ဆိုပြီး ပေကျင်းလေဆိပ်မှ သတင်းထောက်တွေကို ၎င်းက ပြောပါတယ်။

ရော့မန်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ ထူးထူးခြားခြား ရင်းနှီးခင်မင်နေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ပြုံယမ်းကို သွားလည်ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ မြောက်ကိုရီးယားကို ကမ္ဘာနဲ့အကြား တံခါးဖွင့်ပေးချင်ကြောင်းနဲ့ ယခု သူ့ခရီးစဉ်နဲ့ပတ်သက်လို့လည်း သမ္မတထရမ့်အနေနဲ့လည်း   ကျေနပ်အားရမယ်လို့ ထင်ကြောင်း  ရော့မန်းက   ပြောသွားပါတယ်။

" ဒင်းနစ်က နိုင်ငံနှစ်နိုင်ငံစလုံးအတွက် ကြိုးစားလုပ်ပေးနေတာပါ၊ တင်းမာမှုတွေကိုလည်း တတ်နိုင်သလောက် ပြေငြိမ်းစေချင်နေသူပါ" လို့ သူ့ရဲ့ လက်ထောက်က သတင်းထောက်တွေကို   ပြောသွားပါတယ်။

မြောက်ကိုရီးယားမှာ ရောက်စဉ်တုန်းကတော့ ရော့မန်းကို ယင်းနိုင်ငံရဲ့ အားကစားဝန်ကြီး ကင်မ် အီဂွတ်နဲ့အတူ တွဲပြီး ဗီဒီယို၊ ဓာတ်ပုံတွေထဲမှာ တွေ့မြင်ထားခဲ့ရပါတယ်။

သူ့အနေနဲ့ မြောက်ကိုရီးယားကို ငါးကြိမ်ထက်မနည်း သွားရောက်ထားပြီးဖြစ်သလို ခရီးစဉ်တစ်ချို့မှာလည်း ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။ ယခုနောက်ဆုံးသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့   ခေါင်းဆောင် ကင်မ်နဲ့ တွေ့မတွေ့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိကာလမှာတော့ ဒုံးကျည်စမ်းသပ်မှုတွေ ခပ်စိတ်စိတ် ပြုလုပ်ထားခဲ့တဲ့ မြောက်ကိုရီးယားတို့အပေါ် ကုလဆန်ရှင်ပိုမိုချထားမှုကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ  ယခုလို ရော့မန်းက ယင်းနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required