စီရော်နယ်ဒိုမှာ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ဟု ဘန်ဇီမာ ပြော

စီရော်နယ်ဒိုမှာ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ဟု ဘန်ဇီမာ ပြော

ဇွန် ၉၊ မက်ဒရစ် ။          ။ ရီးယဲလ်တိုက်စစ်မှူးဘန်ဇီမာက ၎င်း၏ အသင်းဖော်စီရော်နယ်ဒိုမှာ ဂိုးများစွာသွင်းယူနေသော်လည်း တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ဝေဖန်သူများက စီရော်နယ်ဒိုကို မက်ဆီနှင့် နှိုင်းယှဉ်ကာ တစ်ကိုယ်ကောင်းဆန်သူဟု ပြောဆိုခဲ့ကြသည်။ မက်ဆီသည် ပြီးခဲ့သည့်ရာသီက ဂိုးဖန်တီးမှုပေါင်း ၁၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး စီရော်နယ်ဒိုသည် ၁၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

ဘန်ဇီမာက "ကျွန်တော်မှာ ဘာမှ ပြောစရာမရှိပါဘူး။ စီရော်နယ်ဒိုဆိုတဲ့နာမည်ကို ကြားတာနဲ့ ကျွန်တော်မှာ သူ့ကို လေးစားတာပဲ ရှိတယ်။ သူက တကယ်ထူးခြားတဲ့ ဘောလုံးသမားပါ။

ကျွန်တော်တို့ နှစ်ဦးကြားမှာ နားလည်မှုတွေ အများကြီး ရှိပါတယ်။ ပြီးတော့ သူက ဝေဖန်သူတွေပြောနေသလို တစ်ကိုယ်ကောင်းဆန်တယ်ဆို ဘောလုံးရတာနဲ့ ဂိုးသွင်းဖို့ပဲ လုပ်နေမှာပေါ့။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းဖို့အတွက် စီရော်နယ်ဒိုက အများကြီး ဖန်တီးပေးပါတယ်"ဟု ပြောဆိုခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲတွင် ၄၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားများကို ရယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒိုသည် မက်ဆီကိုကျော်ကာ ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်မည့် အကောင်းဆုံးဆုများကို ရရှိရန် ရေပန်းစားလျက် ရှိနေသည်။

ရည်ညွှန်း -  မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required