၀န်ထမ်းများအား ငွေကြေးလက်ဆောင်ပေးခြင်းမပြုရန် ကျောင်းသားမိဘများသို့ မေတ္တာရပ်ခံ

၀န်ထမ်းများအား ငွေကြေးလက်ဆောင်ပေးခြင်းမပြုရန် ကျောင်းသားမိဘများသို့ မေတ္တာရပ်ခံ
ရန်ကုန်မြို့ ရွှေဂုံတိုင် ကုန်းကျော်တံတားအနီးတွင် တွေ့မြင်ရသော ကျောင်းသား ကျောင်းသူများ၏ ကျောင်းပြန်ချိန် မြင်ကွင်းများ။

မေ ၂၄ ။          ။ ပညာရေးဝန်ကြီးဌာန မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် မိဘများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပြီး ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုရန် အချက်များ ပါဝင်သည်။

အဆိုပါ ကျောင်းသားမိဘများသို့ မေတ္တာရပ်ခံချက်တွင် ကျောင်းသားဦးရေ များပြားလာခြင်းနှင့် ကျောင်းအပ်နှံနှုန်းမြင့်မားလာခြင်းတို့ကြောင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ   ဖြန့်ဝေပေးလိုပါသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ ၊ ဝန်ထမ်းများအား   ပေးအပ်ခြင်းမပြုရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ရေးနှင့် အိမ်စာမှန်မှန်လုပ်ဆောင်ရေးအတွက် မိဘနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းလုပ်ဆောင်ရန်၊ ကျောင်းနှင့် သက်ဆိုင်သော လုပ်ငန်းကိစ္စများ ဆောင်ရွက်တတ်စေရေး တိုက်တွန်းပေးရန်၊ ပညာသင်ယူမှုနှင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရေးအား မိဘများက ဆရာ၊ ဆရာမများနှင့် ဆွေးနွေးပူးပေါင်းရန်များပါဝင်သည်။

ထို့ပြင် မူလတန်းအဆင့်တွင် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အထက်တန်းအဆင့်ထိ ပညာသင်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုနိုင်ကြောင်း မေတ္တာရပ်ခံထားသည်။

အဆိုပါမေတ္တာရပ်ခံချက်ကို သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပြီး မိဘများအနေဖြင့် တိုင်ကြားစရာများ ရှိပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော် ( သို့မဟုတ်) [email protected] သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ ၊ ဝန်ထမ်းများ သိရှိလိုက်နာရန်အချက်များ ထုတ်ပြန်ထားပြီး ငွေကြေးနှင့် လက်ဆောင်ပစ္စည်း တစုံတရာ လက်ခံခြင်းမပြုရန်နှင့် ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုရန် ပါဝင်သည်။ စာသင်ချိန်ဇယားအတိုင်း ပုံမှန်အတန်းဝင် သင်ကြားရန် နှင့် ရုံးတက်မှန်ရန်များ ပါဝင်ကာ မိဘများနှင့် ပူးပေါင်းဆောင်ရွက်ရန်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required