မ.ဘ.သ၏ နှစ်ပတ်လည်ညီလာခံ မဟန ကျင်းပခွင့်မပေးတော့

မ.ဘ.သ၏ နှစ်ပတ်လည်ညီလာခံ မဟန ကျင်းပခွင့်မပေးတော့

ရန်ကုန်၊ မေ ၂၃ ။               ။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့၏ ညီလာခံ မကျင်းပရန် အပါအဝင် မ.ဘ.သ အမည်သုံး၍ မည်သည့်အမှုကိစ္စကိုမျှ မဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးက ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း သာသနာရေးနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေနေရာတွင် မေ ၂၃ရက်က ပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးအပြီးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့အနေနဲ့သော်လည်းကောင်း ဆောင်ရွက်မှုအစုစုပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက သူဘာမှလုပ်လို့မရဘူးလို့ပြောလိုက်ကတည်းက ညီလာခံကျင်းပတာအပါအဝင် အကြောင်းအရာ အချက်အလက်တွေ အကုန်လုံးကိုခြုံငုံပြီးသားပါ။" ဟု ဦးထွန်းညွှန့်ကပြောဆိုသည်။

မ.ဘ.သ အဖွဲ့အနေဖြင့် ၎င်းတို့၏  (၄)နှစ်ပြည့် နှစ်ပတ်လည် ညီလာခံကို မေ ၂၇နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်သည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) သည် တရားမဝင်ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်၍ မ.ဘ.သ အမည်ခံလူပုဂ္ဂိုလ်များဟာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ (မ.ဘ.သ) နာမည်သုံးစွဲပြီး မည်သည့်အမှုကိစ္စကိုမျှ မလုပ်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ မ.ဟ.နက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်အပါအဝင် မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ထူထားသည့်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ၏ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား အပြီးတိုင် ပြန်လည်ဖြုတ်သိမ်းပေးရန်လည်း ဆုံးဖြတ်ချက်တွင် ပါဝင်သည်။

ယင်းဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မဘသ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ဒုတိယ ဥက္ကဋ္ဌ ဆရာတော်ကြီးနှစ်ပါးက လက်မှတ်ရေးထိုးခဲ့သည်။

မ.ဟ.န ၏ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည် ဆဲဥပဒေများဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးယူပေးရန်လည်း အဆိုပါ အစည်းအဝေးထုတ်ပြန်စာတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required