ဗိုလ်လုပွဲတက်ရောက်ခွင့်အတွက် လက်မလျှော့သေးဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ဆို

ဗိုလ်လုပွဲတက်ရောက်ခွင့်အတွက် လက်မလျှော့သေးဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ဆို

မေ ၃၊ စပိန် ။             ။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘာနေဗျူးကွင်း၌ကစားခဲ့သော ပွဲတွင် ရီးယဲလ်အသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသော်လည်း ဗိုလ်လုပွဲတက်ရောက်ခွင့်အတွက် လက်မလျှော့သေးကြောင်း အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ပြောဆိုလိုက်သည်။

ထိုပွဲစဉ်သည် အက်သလက်အသင်းကို ဆီမြွန်နီကိုင်တွယ်လာသည့် သက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးအပြတ်ဆုံးရှုံးပွဲဖြစ်ခဲ့ရသည်။

ပွဲအပြီး၌ ဆီမြွန်နီက ‘ကျွန်တော်တို့ ဒီပွဲရလဒ်ကို မေ့လိုက်ဖို့ လိုပါတယ်။ ဒုတိယအကျော့ကစားဖို့ ကျန်ပါသေးတယ်။ လူအများစုကတော့ အက်သလက်အသင်းဗိုလ်လုပွဲကိုတက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်ကြမှာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒါက မမှန်ပါဘူး။

ဘောလုံးအားကစားက အံ့သြချီးမွမ်းစရာကောင်းလောက်အောင် တစ်ခါတစ်ရံမှာ မထင်မှတ်တာတွေဖြစ်တတ်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးရှိသေးတယ်လို့ ထင်ပါတယ်။ အရမ်းခက်ခဲမှာဖြစ်ပေမယ့်  နောက်ဆုံးအချိန်အထိ အစွမ်းကုန်ကြိုးစားသွားမှာပါ’ ဟု ဆိုခဲ့သည်။

ဂိုးပြတ်အနိုင်ယူသွားခဲ့သည့် ရီးယဲလ်အသင်းမှာ အလွန်ကောင်းမွန်ကြောင်းနှင့် သူတို့အတွက် ဂုဏ်ယူကြောင်းလည်း ဆီမြွန်နီက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required