ရုရှ ဘူတာရုံဗုံးကွဲမှုကို ကျုးလွန်သူက ကာဂျစ်စတန်နိုင်ငံသားလူငယ်တစ်ဦး ဖြစ်ဖွယ်ရှိဟု သံသယရှိနေ

ရုရှ ဘူတာရုံဗုံးကွဲမှုကို ကျုးလွန်သူက ကာဂျစ်စတန်နိုင်ငံသားလူငယ်တစ်ဦး ဖြစ်ဖွယ်ရှိဟု သံသယရှိနေ

စိန့်ပီတာစဘတ်၊ ဧပြီ ၄ ။         ။ ရုရှနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဖြစ်ပွားသော လူ ၁၄ ဦး သေဆုံးခဲ့သည့် မြေအောက်ဘူတာရုံ ဗုံးကွဲမှုကို ကျုးလွန်သူက ကာဂျစ်စတန်နိုင်ငံသားဖြစ်နိုင်ဖွယ်ရှိကြောင်း ကာဂျစ်စတန်အမျိုးသားလုံခြံုရေးကော်မတီက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုတွင် အစောပိုင်းက လူပေါင်း ၁၁ ဦး သေဆုံးသည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ရုရှကျန်းမာရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် သေဆုံးသူမှာ ၁၄ ဦး ရှိပြီး ဒဏ်ရာရသူပေါင်း ၄၉ ဦးထက်မနည်း ရှိသည်ဟု ထုတ်ပြန်သည်။

ရုရှနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက် ဘူတာရုံတစ်ခုတွင် ယမန်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်သည်ဟု ယူဆပြီး အစွန်းရောက်ဝါဒီများနှင့်ချိတ်ဆက်မှုရှိနေသော သံသယရှိ အသေခံဖောက်ခွဲရေးသမားတစ်ဦးက လုပ်ဆောင်သွားသည်ဟု ယုံကြည်ရကြောင်းနှင့် ၎င်းသံသယရှိတရားခံမှာ ဗဟိုအာရှမှ လာရောက်သည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း ရုရှမီဒီယာများတွင် ဖော်ပြနေကြသည်။ ၎င်းလူငယ်ကို ယခုအခါ ဖော်ထုတ်သိရှိထားပြီးဖြစ်ကြောင်း ရုရှပြည်တွင်းမီဒီယာများက ဖော်ပြထားသော်လည်း အတိအကျ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခုအခါ နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ရှိ မြေအောက်မီးရထား ပြေးဆွဲမှုစနစ်ကို နာရီများစွာကြာ အာဏာပိုင်များက ရပ်ဆိုင်းထားလိုက်ဖြစ်သည်။ အလားတူ ဒုတိယမြောက်   မြေအောက်ဘူတာရုံတစ်ခု၌လည်း ဗုံးတစ်လုံးကို ဗုံးရှင်းအဖွဲ့က တွေ့ရှိရှင်းလင်းထားခဲ့ရသည်ဟုလည်း သိရသည်။

ယင်း ပေါက်ကွဲမှုမှာ အကြမ်းဖက်တိုက်ခိုက်မှု တကယ်ဟုတ်မဟုတ် သေချာရန် စုံစမ်းစစ်ဆေးနေလျက်ရှိသော်လည်း အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း ရုရှ စုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required