လူလုပ်အသိဉာဏ်ထည့်သွင်းထား သည့်သွေးဆာ လူသတ်စက်ရုပ်များကို တားမြစ်ရန်အတွက် ကမ္ဘာ့ပညာရှင်များ ဝိုင်းဝန်းတောင်းဆို

လူလုပ်အသိဉာဏ်ထည့်သွင်းထား သည့်သွေးဆာ လူသတ်စက်ရုပ်များကို တားမြစ်ရန်အတွက် ကမ္ဘာ့ပညာရှင်များ ဝိုင်းဝန်းတောင်းဆို

ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ကင်း၊ ဖီလိုဆိုဖာတစ်ဦးဖြစ်သည့် နိုအမ်ချောင်စကီးတို့အပါအဝင် နည်းပညာရှင် အီလွန်မတ်နှင့် အခြားသော ထင်ရှားသည့် ပညာရှင်ထောင်ပေါင်းများ စွာတို့က လူလုပ်အသိဉာဏ်ထည့်သွင်းထားသည့် လူသတ်စက်ရုပ်များကို တားမြစ်ရန်အတွက် ပူးပေါင်းစာထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့တွင် ဇူလိုင် ၂၈ ရက်က ကျင်းပသည့် လူလုပ်အသိဉာဏ်ဆိုင်ရာ နိုင်ငံတကာပူးပေါင်းညီလာခံသို့ အဆိုပါ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

”နည်းပညာတိုးတက်မှုက လူသတ်လက်နက်တွေမှာ ကိုယ်ပိုင်အသိဉာဏ် ထည့်သွင်းပေးတဲ့ဆီကို သွားနေပါတယ်။ ဆယ်စုနှစ်တောင် မကြာဘူး၊ နှစ်အပိုင်းအခြားကာလအတွင်းမှာပဲ ကိုယ်ပိုင် အသိဉာဏ် ပါလူသတ်စက်ရုပ်တွေ ထွက်ပေါ်လာမှာဖြစ်ပြီး ဒါက လက်နက်စွမ်းရည်နဲ့ နျူကလီးယားလက်နက်တွေပြီးရင် တတိယအင်အားစုကြီးတစ်ရပ်ဖြစ်လာပါလိမ့်မယ်။”ဟု ယင်းစာတွင် ရေးသားထားသည်။

အယ်ပဲလ်ပူးတွဲတည်ထောင်သူ စတိဗ်ရိုဇနက်နှင့် Google DeepMind မှ အမှုဆောင်အရာရှိချုပ် ဒီမီဟာဆာဘီတို့လည်း ယင်းစာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

လူလုပ်အသိဉာဏ်ပါလူသတ်လက်နက်များကြောင့် လူ့အသက်များ ပိုမိုဆုံးရှုံးမှုများဖြစ်လာနိုင်ကြောင်း စာတွင် ဖော်ပြထားသည်။

”ဒီနည်းပညာရဲ့ အဆုံးသတ်မှတ်ကတော့ ထင်သာမြင်သာပါတယ်။ လူလုပ်အသိဉာဏ်ပါလက်နက်တွေက လက်ရှိလူသားကမ္ဘာအတွက် အဓိက မေးခွန်းပါပဲ။ ကမ္ဘာမှာ ဒီနည်းပညာသုံး လက်နက်တွေ အပြိုင်အဆိုင်ထုတ်လုပ်မလား ဒီလက်နက်တွေ အစမပျိုးလာအောင် တားဆီးသွားမလားဆိုတာ အဓိက မေးခွန်းပါပဲ။ ဒီလက်နက်တွေက လုပ်ကြံသတ်ဖြတ်ခြင်းများ၊ ရွေးချယ်သတ်ဖြတ်ခြင်းများအတွက်သာ ဒီဇိုင်းထုတ်လုပ်တာပဲဖြစ်ပါတယ်။”ဟု ယင်းစာတွင်ဖော်ပြထားသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly