ဦးကိုနီလုပ်ကြံခံရသည့်အမှုအား လက်နက်မှုဖြင့် စတင်စစ်ဆေး

ဦးကိုနီလုပ်ကြံခံရသည့်အမှုအား လက်နက်မှုဖြင့် စတင်စစ်ဆေး

ရန်ကုန်၊ မတ်လ ၂၄ ။             ။ ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်၍ လက်နက်မှုဖြင့် တရားလို မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးမြထွန်းကျော်ကို ယနေ့ (မတ်လ ၂၄ ရက်)တွင် အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ စတင်စစ်ဆေးခဲ့သည်။

ကြည်လင်းအပါအဝင် လေးဦးကို ရုံးထုတ်ခဲ့ပြီး လက်နက်ဥပဒေဖြင့် တရားလို ရဲအရာရှိကို စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို မတ်လ ၃ ရက်နေ့တွင် ဒုရဲမှူးမြထွန်းကျော်က မြောက်ပိုင်းခရိုင် တရားရုံး ပြစ်မှုကြီးအမှတ် ၄၆/၂၀၁၇ ၊ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ၁၉(ဃ)(စ)ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ စစ်ဆေးမှုအခြေအနေနှင့် ပတ်သက်ပြီး တရားလိုရှေ့နေက ကနဦးစစ်ဆေးချက်ဖြစ်ကြောင်း ယနေ့ပြောဆိုခဲ့သည်။

“ ဒီနေ့စစ်တဲ့ဟာက လက်နက်မှုကို စပြီးဖွင့်တဲ့ တရားလိုဘက်ကို လက်နက်မှုနဲ့ ပတ်သက်ပြီး ကနဦး စစ်ဆေး ချက်ပဲ ရှိပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ လက်နက်တွေအားလုံးဟာ အောင်ဝင်းဇော်နဲ့ မပတ်သက်ဘူးလို့ ငြင်း ဆိုသော်လည်းပဲ ထိရောက်မှုမရှိဘူးဘဲ ပြောရမှာပဲ။ အဲ့ဒီလောက်ပဲ  ပြောလို့ရမယ်။ လက်နက်မှုနဲ့ ပတ်သက်လို့ နောက်ထပ် စစ်ဆေးစရာ သက်သေတွေ ကျန်နေသေးတယ်”ဟု တရားလိုရှေ့နေ ဦးနေလက ပြောသည်။

ယနေ့တွင် တရားလိုပြသက်သေကို လက်နက်ဥပဒေဖြင့် စတင်စစ်ဆေးခဲ့သည့်အပြင် ကြည်လင်းနှင့် အောင် ဝင်းထွန်းတို့က ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်တင်ခဲ့ကြောင်း၊ ကြည်လင်းအတွက် တရားလွှတ်တော် ရှေ့နေ ဦးကျော်ကျော်ထိုက်က လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး အောင်ဝင်းထွန်းအတွက် အထက်တန်းရှေ့နေ ဦးအောင် ခိုင်ကလိုက်ပါဆောင်ရွက်မည် ဖြစ်သည်။

“ အခုလက်ရှိလာပြီး တရားလိုဖြစ်တဲ့ ဒုရဲမှူးက ထွက်ဆိုတာကတော့ အောင်ဝင်းဇော်ဆီက သိမ်းထားတာ မဟုတ်ဘူး။ အမှန်လည်းဟုတ်တယ်လေ ကြည်လင်းဆီကနေ မင်္ဂလာဒုံမှာ ကောက်သိမ်းလိုက်တာကို ကျည်ဆန် ရော၊ သေနတ်ရော။ အောင်ဝင်းဇော် ခိုင်းထားတဲ့၊ အောင်ဝင်းဇော်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက် အထားလည်း မတွေ့ဘူး။ လာထွက်ဆိုတဲ့ သူကိုယ်တိုင်ကလည်း သူကိုယ်တိုင်မြင်တာ၊ တွေ့တာမရှိဘူး”ဟု အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းဘက်မှ လိုက်ပါဆောင်ရွက်မည့် အထက်တန်းရှေ့နေဦးအောင်ခိုင်က ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လာမည့် မတ် ၃၁ ရက်တွင် လူသတ်မှုအတွက် ပြစ်မှုကြီး အမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/၂၁၂ အမှုကို စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄/၂၁၂ သက်ဆိုင် သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း နှင့် ထွက်ပြေး လွတ်မြောက်နေသည့် အောင်ဝင်းခိုင် တို့ ၅ ဦး အမှုတွင် တရားလိုပြသက်သေ လေဆိပ်ရဲအရာရှိ ရဲအုပ်မိုးနိုင်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုခရိုင်တရားသူကြီး (၆) ဦးခင်မောင်မြင့် ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအား အနီးကပ်သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required