ဒေါ်နယ်ထရမ့်၏ အတွင်းစည်းက လူများက ရုရှနှင့် ချိတ်ဆက်မှုရှိနေဟု FBI က သံသယရှိ

ဒေါ်နယ်ထရမ့်၏ အတွင်းစည်းက လူများက ရုရှနှင့် ချိတ်ဆက်မှုရှိနေဟု FBI က သံသယရှိ

ဝါရှင်တန်၊ မတ် ၂၃ ။            ။ ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲကာလက ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးမှုများကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်သည့် ရုရှလုပ်ရပ်တွင် ယခုသမ္မတ ဒေါ်နယ်ထရမ့်၏ အတွင်းလူများ ချိတ်ဆက်မှုရှိနေသည့် သတင်းအစအနကို FBI က ရရှိထားကြောင်း CNN သတင်းက မတ် ၂၃ ရက်တွင် ဖော်ပြသည်။

ထရမ့်၏ အတွင်းစည်းက လူများနှင့် ရုရှအဖွဲ့တို့က ပူးပေါင်းကာ အိမ်ဖြူတော်သို့ ဟီလာရီကလင်တန် တက်မလာနိုင်ရေး သတင်းအချက်အလက်များ ထုတ်လွှင့်ခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြဖွယ်ရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက CNN သို့ ပြောသည်။

မတ် ၂၀ ရက်တွင် ကွန်ဂရက်လွှတ်တော်၌ FBI ညွန်ကြားရေးမှူး ဂျိမ်းကိုမေးက ၎င်း၏ အေဂျင်စီအနေဖြင့် အမေရိကန်ရွေးကောက်ပွဲတွင် ကရင်မလင်က ခြေထိုးနှောင့်ယှက်ခြင်းများ ရှိသည်ဆိုသော စွပ်စွဲချက်များကို စစ်ဆေးလျက်ရှိသကဲ့သို့ ဒေါ်နယ်ထရမ့် လူများနှင့် ရုရှတို့ကြားက ဆက်သွယ်မှုကိုလည်း စုံစမ်းလျက်ရှိကြောင်း အတည်ပြုပြောခဲ့သည်။

“ထရမ့်မဲဆွယ်ရေးအဖွဲ့နဲ့ ရုရှအစိုးရတို့ကြား ဆက်သွယ်မှုတွေကို စုံစမ်းနေသလို ရွေးကောက်ပွဲမှာ တစ်စုံတစ်ရာ ပူးပေါင်းလုပ်ဆောင်ခဲ့မှု ရှိမရှိအပေါ်လည်း စစ်ဆေးနေပါတယ်။”ဟု ကိုမေးက ဆိုသည်။

ရရှိထားသည့် သတင်းက ခိုင်မာမှု အားနည်းသော်လည်း FBI အနေဖြင့် ဒေါ်နယ်ထရမ့် လူများနှင့် ရုရှတို့၏ ချိတ်ဆက်နေမှုအပေါ် သံသယရှိနေကြောင်း CNN သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် FBI က လူများကို မေးမြန်းခြင်း၊ ခရီးသွားနှင့် ဖုန်းမှတ်တမ်းများနှင့် အစည်းအဝေးမှတ်တမ်းများအပါအဝင် သတင်းအချက်အလက်များအပေါ် ပြန်လည်သုံးသပ်လျက်ရှိနေသည်။

အိမ်ဖြူတော်သို့ CNN သတင်းဌာန မေးမြန်းရာတွင်မူ တစ်စုံတစ်ရာ ထင်မြင်ချက်ပေးရန် ငြင်းဆိုသော်လည်း ထရမ့် မဲဆွယ်ရေးအဖွဲ့နှင့် ရုရှတို့အကြားက ရွေးကောက်ပွဲအပေါ် ပုူးပေါင်းကြံစည်မှု ရှိသည်ဆိုသော စွပ်စွဲချက်က အခြေအမြစ်မရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required