မြောက်ကိုရီးယား အလုပ်သမား ၅၀ နီးပါးကို မလေးရှားက ပြည်နှင်ဒဏ်ပေးမည်

မြောက်ကိုရီးယား အလုပ်သမား ၅၀ နီးပါးကို မလေးရှားက ပြည်နှင်ဒဏ်ပေးမည်

ကွာလာလမ်ပူ၊ မတ် ၁၅ ။            ။ ဗီဇာသက်တမ်းကုန်ဆုံးတဲ့ မြောက်ကိုရီးယားအလုပ်သမား ၅၀ နီးပါးကို ပြည်နှင်ဒဏ်ပေးတော့မှာဖြစ်ကြောင်း မလေးရှားအာဏာပိုင်တွေက မတ် ၁၄ ရက်မှာ ကြေညာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံးနမ် မလေးရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး နှစ်နိုင််ငံကြား သံခင်းတမန်ခင်း တင်းမာနေစဉ်မှာ မလေးရှားက ခုလိုကြေညာတာလည်း ဖြစ်ပါတယ်။

“ခုတော့ ဆာရာဝတ်က ယာယီထိန်းချုပ်ရေးစခန်းမှာ မြောက်ကိုရီးယားအလုပ်သမားတွေကို ထိန်းသိမ်းထားတယ်။ မှတ်တမ်းမှတ်ရာစစ်ဆေးမှုတွေ လုပ်ပြီးတာနဲ့ သူတို့ကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ပါတယ်။”လို့ ဒုတိယဝန်ကြီးချုပ် ဇာဟစ်မာမီဒီက သတင်းထောက်များကို ပြောပါတယ်။

ခုစီမံဆောင်ရွက်ချက်ဟာ ဘော်နီညိုကျွန်း ဆာရာဝတ်ပြည်နယ်က မြောက်ကိုရီးယားအလုပ်သမားတွေကို သက်ရောက်မှာဖြစ်ကြောင်း၊ ထိုပြည်နယ်အတွင်း ကျောက်မီးသွေးမိုင်းတွင်းတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်းများမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြောက်ကိုရီးယားအလုပ်သမား ၁၇၀ နီးပါးရှိကြောင်း ဒုတိယဝန်ကြီးချုပ်က ဆိုပါတယ်။

အလုပ်လုပ်ခွင့်ပါမစ် တရားဝင်နေသေးတဲ့ မြောက်ကိုရီးယားအလုပ်သမားတွေကတော့ နိုင်ငံတွင်း ဆက်လကက်နေထိုင်နိုင်မှာဖြစ်ပြီး ပြံုယမ်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေအားဖြင့် ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ၎င်းက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံံတွင်းမှာ လက်ရှိအထိ မလေးရှားနိုင်ငံသားကိုးဦးကို ထိန်းသိမ်းထားပြီး နိုင်ငံတွင်းက ထွက်ခွာခွင့်ကို ပိတ်ပင်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required