နီပေါက ငလျင်ဒဏ်သင့် ယာယီတဲစခန်းတွေကို အာဏာပိုင်က ဘူဒိုဇာများသုံးကာ ဖယ်ရှား

နီပေါက ငလျင်ဒဏ်သင့် ယာယီတဲစခန်းတွေကို အာဏာပိုင်က ဘူဒိုဇာများသုံးကာ ဖယ်ရှား

ခတ္တမန္ဒူ၊ မတ် ၁၄ ။           ။ လွန်ခဲ့တဲ့နှစ်နှစ်ခန့်က နီပေါမှာ ငလျင်ဒဏ်သင့်လို့ မြို့တော်ခတ္တမန္ဒူက ယာယီတဲစခန်းတွေမှာ နေထိုင်နေရတဲ့ ပြည်သူရာပေါင်းများစွာကို မတ် ၁၄ ရက်မှာ အာဏာပိုင်တွေက ဖယ်ရှားရှင်းလင်းပါတယ်။

၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်က အင်အားပြင်းငလျင်လှုပ်တာကြောင့် အိမ်တွေ၊ ကျေးရွာတွေ ပျက်စီးခဲ့ရတဲ့ ပြည်သူ ၂၀၀၀ နီးပါးဟာ ယာယီတဲစခန်းတွေမှာ နေထိုင်နေရတာဖြစ်ပြီး ထိုငလျင်ဒဏ်သင့် ယာယီတဲစခန်းစုအရပ်ကို ချုချီပါတီလို့ ခေါ်ကြကြောင်း အီးပီအေသတင်းထောက်က သတင်းပေးပို့ပါတယ်။

ချုချီပါတီတဲစခန်းတွေကို ရှင်းလင်းတော့မှာဖြစ်ကြောင်း နေထိုင်နေတဲ့သူတွေကို အစိုးရက ကြိုတင်နို့တစ်စာပေးပို့ထားပြီးလည်းဖြစ်ပါတယ်။ မတ် ၁၄ ရက်မှာတော့ ရဲတွေက တဲစခန်းတွေကို ဘူဒိုဇာတွေနဲ့ ထိုးဖြိုရှင်းလင်းတော့တာကြောင့် နေထိုင်သူတွေက ၎င်းတို့ပိုင်ပစ္စည်းပစ္စယတွေကို သိမ်းဆည်းပြီး ထွက်ခွာရတာပဲဖြစ်ပါတယ်။

ရဲက အကြမ်းပတမ်း ခုလိုရှင်းလင်းပေမယ့် နေထိုင်သူတွေက ဖီဆန်ခြင်းမျိုး မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ခုဖယ်ရှားလိုက်သူတွေ အများစုဟာ ခတ္တမန္ဒူမြို့တော်တွင်းက အိမ်ရာနဲ့ အခန်းတွေဆီ ပြောင်းရွှေ့ကြရမှာဖြစ်ပါတယ်။

ဒါပေမယ့် ခုလိုအစိုးရရဲ့ လုပ်ဆောင်ချက်ကြောင့် တစ်ဦးတစ်ယောက်ကမှ ကျေနပ်မှု မရှိပါဘူး။ တဲစခန်းကနေ ဖယ်ရှားခံရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက သူ့အနေနဲ့ ခတ္တမန္ဒူမြို့တွင်းမှာ အိမ်ငှားရမ်းဖို့ကို မတတ်နိုင်ကြောင်း ပြောပါတယ်။

ချုချီပါတီအရပ်မှာ တစ်ချို့သောသူတွေက ငလျင်ဒဏ်ကြံုခဲ့ရသူတွေအဖြစ် ဟန်ဆောင်ပြီး လာရောက်နေထိုင်ကြလို့ တိုင်တန်းမှုတွေလည်း ရှိခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

၂၀၁၅ ဧပြီလအတွင်းက နီပေါနိုင်ငံအတွင်း ပြင်းအားရစ်ချ်တာစကေး ရ ဒဿမ ၈ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့ရာမှာ လူပေါင်း ၈၈၀၀ ကျော် သေဆုံးပြီး အိမ်ခြေရာခြေထောင်ပေါင်းများစွာ ပျက်စီးရကာ လူ သုံးသန်းကျော်ထက်မနည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required