မန်းရွှေစက်တော် ဘုရားပွဲတော် တည်းခိုခန်းက ပိုကောက်ခံသည့် တည်းကျောင်းပိုင်ရှင် နှစ်ဦး အရေးယူခံရ

မန်းရွှေစက်တော် ဘုရားပွဲတော် တည်းခိုခန်းက ပိုကောက်ခံသည့် တည်းကျောင်းပိုင်ရှင် နှစ်ဦး အရေးယူခံရ

မင်းဘူး၊ မတ် ၁၀ ။              ။ မန်းရွှေစက်တော် ဘုရားပွဲတော်တွင် ဘုရားဖူးများထံမှ တည်းခိုခန်းစျေးနှုန်းများ သတ်မှတ်စျေးထက် ပိုမိုကောက်ခံခဲ့သော တည်းကျောင်းပိုင်ရှင် (၂)ဦးအား ဒဏ်ကြေးငွေ ကျပ်သိန်း(၃၀) ပေးဆောင်ရန် အသိပေး အကြောင်းကြားထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

မန်းရွှေစက်တော် တည်းကျောင်းများတွင် တည်းခိုခ စျေးနှုန်းများကို ရေစပ် တစ်ခန်း ၃၀,၀၀၀ကျပ်နှင့် ကုန်တွင်း တစ်ခန်း ၂၀,၀၀၀ကျပ်နှုန်း ကောက်ခံရန် စည်ကမ်းသတ်မှတ်ပေးထားသည်။

ပြီးခဲ့သည် မတ်လ(၄) ရက်နေ့က ဂေါပကအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ တည်းခိုဆောင် နံပါတ်(၁၁၄)နှင့်(၁၁၇)တို့မှ သတ်မှတ်ထားသည့် တည်းခိုခနှုန်ထားများထက် ပိုမိုကောက်ခံနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဂေါပကဥက္ကဌ ဦးမြင့်သိန်းကပြောသည်။

"ကျွန်တော်တို့ စစ်ဆေးတဲ့အခါ ရေစပ်တည်းခိုဆောင်နံပါတ် (၁၁၄)က တစ်ခန်းကို (၅၀၀၀၀)ကျပ်နဲ့ ကုန်းတွင် တည်ခိုဆောင်နံပါတ် (၁၁၇)က တစ်ခန်းကို (၃၀၀၀၀)ကျပ် တောင်းတယ် သတ်မှတ်စျေးထက် ပိုတောင်းတာ စစ်ဆေးတွေ့ရှိတဲ့အတွက် မတ်လ(၉) ရက်နေ့က ပြုလုပ်တဲ့ ဘုရားနာယကအဖွဲ့၊ ဂေါပကအဖွဲ့နဲ့ ဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အခုလို ဆောင်ရွက်တာပါ"ဟု ဂေါပကဥက္ကဌ ဦးမြင့်သိန်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါ ဒဏ်ကြေးငွေအား ဘုရားကြီးရန်ပုံငွေသို့ လာမည့်မတ်လ(၁၃)ရက်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်း၍ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

"စနေ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီးရက်တွေ ရုံးပိတ်ရက်တွေမှာ ဘုရားဖူးစည်ကားတော့ တည်းကျောင်းတွေ မလောက်ငှတဲ့ ပြဿနာ၊ စျေးပိုတောင်းတဲ့ ပြဿနာတွေ ဖြစ်ကြတာပါ။ ကျန်တဲ့ရက်တွေမှာ သတ်မှတ်စျေးနှုန်းတောင် မရကြဘူး၊ အခုလို ဂေါပကအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူတာတွေ ဆက်တိုက်လုပ်လာမယ်ဆိုရင် စျေးနှုန်းပို ယူတာတွေ လျော့နည်းလာမယ်လေ၊ ဘုရားဖူးပြည်သူတွေလည်း စိတ်ချမ်းသာတာပေါ့ဗျာ"ဟု တည်ကျောင်းလုပ်ငန်းရှင် တစ်ဦးက မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly