အက်ဖ်အေရဲ့ စွဲချက်တင် စစ်ဆေးမှုခံယူအပြီး မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ် (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ

အက်ဖ်အေရဲ့ စွဲချက်တင် စစ်ဆေးမှုခံယူအပြီး မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ် (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ
(ဓာတ်ပုံ - အီးပီအေ)

တစ်ဂိုးစီ သရေကျခဲ့တဲ့ မန်ယူနှင့်ဘုန်းမောက်တို့ရဲ့ပွဲစဉ်မှာ တိုင်ရိုနီမင့်စ်ကို တံတောင်ဖြင့် တိုက်ခဲ့တဲ့ အီဗရာဟီမိုဗစ်ကို အက်ဖ်အေက ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်အတွင်း မိုဗစ်နှင့်မင့််စ်တို့ဟာ အကြိမ်များစွာ တစ်ဦးအပေါ် တစ်ဦး ကြမ်းကြမ်းတမ်းတမ်းကစားခဲ့တာကြောင့် အက်ဖ်အေက တနင်္လာနေ့မှာ နှစ်ဦးလုံးကို စွဲချက်တင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် မင့်စ်ဟာ မိုဗစ်လဲကျနေတဲ့အချိန်မှာ ခေါင်းကိုတက်နင်းခဲ့သလို မိုဗစ်က မင့်စ်ကို တံတောင်ဖြင့် တိုက်ခဲ့တာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးစလုံး ကွင်းအတွင်း အရေးယူခြင်း မခံခဲ့ရပေမယ့် အက်ဖ်အေက ဗီဒီယိုအနှေးပြကွက်များ ပြန်ကြည့်ပြီး စွဲချက်တင်လိုက်တာဖြစ်ပါတယ်။

"အီဗရာဟီမိုဗစ်က အက်ဖ်အေရဲ့ ကြမ်းတမ်းစွာ လုပ်ဆောင်မှု စွဲချက်တင် စစ်ဆေးမှုကို ဝန်ခံခဲ့ပြီး ပြစ်ဒဏ်ကို လက်ခံခဲ့ပြီးနောက် ၃ ပွဲပယ် ပြစ်ဒဏ်ဟာ ချက်ချင်း အကျိုးသက်ရောက်မှာဖြစ်ပါတယ်"လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆွီဒင်ဝါရင့်တိုက်စစ်မှူးဟာ ဒီရာသီ သွင်းဂိုး ၂၆ ဂိုးနဲ့ မန်ယူရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး သူဟာ လာမယ့် တနင်္လာနေ့ ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်၊ လိဂ်ပွဲစဉ်တွေဖြစ်တဲ့ မစ်ဒယ်ဘရော့နှင့် ဝက်စ်ဘရွန်းတို့ရဲ့ ပွဲတွေကို လွှဲချော်မှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required