ထူးခြားဆန်းပြား Birdman Rally ဆိုတဲ့ပြိုင်ပွဲများ

12 February 2017
ထူးခြားဆန်းပြား Birdman Rally ဆိုတဲ့ပြိုင်ပွဲများ

ဒီတစ်ပတ်မှာတော့ Birdman Rally ဆိုတဲ့ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။  တော်တော်လေးတော့ ကို့ယို့ကားယားနိုင်တဲ့ ကစားနည်းတစ်ခုပါ။ ပြိုင်ပွဲဝင်တွေဟာ ပုံစံမျိုးစုံနဲ့ ရေထဲကိုခုန်ချရတဲ့ ကစားနည်း တစ်ခုဖြစ်ပါတယ်။ ဂလိုက်ဒါတွေသုံးပြီး အဝေးရောက်အောင်ခုန်နိုင်ဖို့ကြိုးစားကြသလို ဖျော်ဖြေမှုပေးနိုင်ဖို့အတွက်လည်း ဝတ်စုံမျိုးစုံနဲ့ ကြိုးစားကြရပါတယ်။

ဒီပြိုင်ပွဲကို အင်္ဂလန်နိုင်ငံက ဘော့နော်ရီဂစ်နဲ့ ဝေ့ါသင်း၊ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းက ယာရာမြစ်၊ ဂျပန်နိုင်ငံက ဘီဝါကန်နဲ့ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှာကျင်းပနေပါတယ်။ စတင်တီထွင်ခဲ့တာကတော့ အင်္ဂလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ပထမဆုံး ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ ဆယ်ဆေးအရပ်မှာ ၁၉၇၁ ခုနှစ်ကစတင်ကျင်းခဲ့တာပါ။ အဲဒီကနေမှ ဘော့နော်ရီဂစ်ကိုပြောင်းရွှေ့ခဲ့ပြီး အပြည်ပြည်ဆိုင်ရာပြိုင်ပွဲအသွင်ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်မှာကျင်းပတဲ့ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ အမြင့်ပေ ၃၅ ပေလောက်ကနေ အဝေးကိုခုန်ပျံနိုင်ဖို့ ကြိုးစားကြရပါတယ်။ ၄၆ မီတာထက်ဝေးအောင် ခုန်ပျံနိုင်ရင် ဆုကြေး ပေါင် ၁၀၀၀ ကနေစတင်ရရှိပါတယ်။ တဖြည်းဖြည်းနဲ့ဆုကြေးတွေတိုးလာလိုက်တာ ၂၀၀၉ ခုနှစ်မှာ မီတာ ၁ဝ၀ အတွက် ဆုကြေး ပေါင် ၃၀, ၀၀၀ ထိဖြစ်လာခဲ့ပါတယ်။

ပြိုင်ပွဲမှာ အတန်းသုံးတန်းခွဲထားပါတယ်။ ဂလိုက်ဒါအသုံးပြုသူတွေကို ကွန်ဒေါ်တန်း၊ လက်ဖြစ်ဒီဇိုင်းတီထွင်သူတွေကို လီယိုနာဒို ဒါဗင်ချီတန်းဆိုပြီးသတ်မှတ်ထားပါတယ်။ လူမှုရေးရံပုံငွေရဖို့ ဖန်စီဝတ်စုံဝတ်ဆင်သူတွေကတော့ ကင်းဖစ်ရှာတန်းပါ။ ပြိုင်ပွဲစတင် တည်ထောင်ကာစက ရည်ရွယ်ချက်ကိုကလည်း ရံပုံငွေရရှိရေးအတွက်ပါပဲ။ နောက်ပိုင်းမှာတော့ ကမ္ဘာကိုပျံ့နှံ့သွားပြီး စိတ်ဝင်စားလာခဲ့ကြတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required