ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်သူအကြောင်း ထုတ်ဖော်ပြီးနောက်ပိုင်း ဦးအောင်စိုး၏ ဆံသဆိုင် စီးပွားရေးကျဆင်းသွား

ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်သူအကြောင်း ထုတ်ဖော်ပြီးနောက်ပိုင်း ဦးအောင်စိုး၏ ဆံသဆိုင် စီးပွားရေးကျဆင်းသွား
ဖေဖော်ဝါရီ ၄ ရက်နေ့က လုပ်ငန်းခွင်တွင် တွေ့ရသော ဆံသဆရာ ဦးအောင်စိုး (ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now)

ရန်ကုန် (Myanmar Now) - ရန်ကုန်လေဆိပ် လူသတ်ကောင် ဦးကြည်လင်းကို စေခိုင်းသူသည် ဘုရားခိုးဂိုဏ်းဝင် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ ဦးအောင်စိုးက ထိုသို့ ဖွင့်ချပြောဆိုပြီး နောက်ပိုင်း သူ၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်၊ အလှပြင်သူဦးရေ သိသိသာသာ နည်းပါးသွားကာ စီးပွားရေး ထိခိုက်မှုရှိလာကြောင်း ပြောသည်။

ယခင်အချိန်များက တစ်ရက်လျှင် ပျမ်းမျှကျပ် နှစ်သောင်းကျော် ဝင်ငွေရရှိလာခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ယခင်ဝင်ငွေ၏တစ်ဝက်ပင် မရရှိတော့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုသို့ထုတ်ဖော် ပြောကြားပြီးနောက်ပိုင်း ပုံမှန်ဖောက်သည်များကပင် သူ၏ ဆိုင်တွင် တစ်ခုခုဖြစ်လာနိုင်မည်ကို စိုးရိမ် ထိတ်လန့်ကာ မလာရောက်ကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဦးအောင်စိုးက ခန့်မှန်းသည်။

“ဒါကတော့ ကျွန်တော်တို့လူမျိုးတွေရဲ့ အနေအထားပဲလို့ ကျွန်တော်တော့ ယူဆတယ်။ ထောင်ကျနေတုန်းကလည်း ထောင်ထဲမှာ ထောင်အရာရှိတွေကို အကျဉ်းသားအခွင့်အရေးရဖို့ တစ်ခုခု ကျွန်တော်က ထတောင်းဆိုတာနဲ့ အရင်က တပူးပူးနေခဲ့တဲ့သူတွေက ခွာနေကြရော။ အခုလည်း ဒီလိုပဲထင်တယ်။ ကျွန်တော့်သတင်းထွက်လာပြီးနောက်ပိုင်း ကျွန်တော့်ဆိုင်မှာ တစ်ခုခုများ ဖြစ်လာတော့မလား၊ ဖြစ်ချိန်မှာ သူတို့ရှိနေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ပုံမှန် လာနေကျဖောက်သည်တွေတောင် မလာကြတော့ဘူး။ ကျွန်တော့်ဝင်ငွေ ထိခိုက်တာပေါ့” ဟု ၎င်းကပြောသည်။

ဦးအောင်စိုးသည် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂ဝ၁၄ ခုနှစ်တွင် ပြန်လွတ်လာပြီး နောက်ပိုင်း ကမာရွတ်မြို့နယ်တွင် ဆံသဆိုင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ရာမှ ၂ဝ၁၆ ခုနှစ် မေလတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်သို့ တစ်လ နှစ်သိန်းဖြင့် နေရာငှားရမ်းကာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နောက်ထပ်ခြောက်လအထိ ထပ်မံ ငှားရမ်းဖွင့်လှစ်ထားကြောင်း သိရသည်။

ဦးအောင်စိုးသည် ဦးကိုနီကိုလုပ်ကြံမှု ကျူးလွန်သူဦးကြည်လင်းနှင့် ယခင်ဘုရားခိုးမှုအမှုတွဲတစ်ခုတည်းဖြစ်သူ ဦးအောင်ဝင်းဇော်တို့ကို ၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်က မန္တလေးအိုဘိုထောင် အဆောင်အမှတ် (၃) ၌ တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်လေဆိပ် သေနတ်သမား ဦးကြည်လင်း၏ ဓာတ်ပုံကို အင်တာနက်တွင် တွေ့တွေ့ချင်းပင် ဦးအောင်ဝင်းဇော်၏ လက်ချက် ဖြစ်နိုင်ကြောင်း Myanmar Now ကို ဆက်သွယ် ပြောကြားခဲ့သူဖြစ်သည်။

ဦးအောင်ဝင်းဇော်သည် ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ၎င်းထံသို့လာပြီး လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင်၊ ရန်ကုန်မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့်အလုပ်ကို ကျပ် သိန်း ၁,ဝဝဝ အထိ ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်တို့ နီးနီကပ်ကပ် ဆက်ဆံမှုရှိသူဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဦးအောင်စိုး ထုတ်ဖော်ပြောကြားခဲ့မှု သတင်းများထွက်လာပြီးနောက်ပိုင်း ဦးအောင်စိုး၏ လုံခြုံရေးကို စိတ်ပူမိသော်လည်း စိုးရိမ်တကြီးတော့ မဖြစ်ကြောင်း ဦးအောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးက ပြောသည်။

“အခုတော့ လုံခြုံရေးကို စိုးရိမ်တာပေါ့။ ဒါပေမယ့် မကြောက်ပါဘူး။ ကံပဲပေါ့။ ဘယ်သူတစ်ဦးက ဘာဖြစ်မယ်ဆိုတာ ကြိုမှ မသိတာ။ တခြားကကိုယ့်ကို ဘယ်အချိန်လာလုပ်ကြံမယ်ဆိုတာလဲ ကြိုမှမသိတာ။ အဲ့ဒါကြီးကိုတွေးပူပြီး အိပ်မပျော် စားမဝင်ဖြစ်နေရင် ကိုယ်ပဲရောဂါရမှာပေါ့။ ဒါပေမယ့် ဒီလိုအချိန်မှာ သူ့လုံခြုံရေးကို အာဏာပိုင်တွေအနေနဲ့ ပေးသင့်တယ်လို့တော့ ယူဆတယ်” ဟု ဒေါ်သန်းသန်းအေးက ဆိုသည်။

ထို့အတူ ဦးအောင်စိုး၏လုံခြုံရေးကို စိတ်ပူမိကြောင်း ရပ်ကွက်နေပြည်သူတချို့ကသာမက၊ ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သူ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမေ့အိမ်စာသင်ကျောင်းမှ တာဝန်ရှိသူများကပါ ပြောကြသည်။

“ကျွန်မတို့ သူ့သတင်းကြားပြီးကတည်းက သူ့အတွက် တော်တော်လေးစိတ်ပူမိတယ်။ သူက လူအေးပါ။ စိတ်ကောင်းစေတနာလည်းရှိတဲ့သူ။ ငွေကြေးလည်း ပြည့်စုံတဲ့သူ မဟုတ်ဘူး။ သူ့ဆိုင်လေးကို ဒီမှာ ဆက်ဖွင့်ဖို့တောင်မှ သူ့ဆိုင်ကယ်လေးကို ပေါင်ပြီးတော့ စာချုပ်ထပ်ချုပ်ထားရတာ။ အခုလိုသတင်းတွေကြောင့် သူ့ကို လာလုပ်ကြံမလားလို့ပေါ့။ ဒီလမ်းက ညဆို ၈ နာရီ ကျော်တာနဲ့ လူခြေတိတ်သွားပြီ။ အဲ့ဒါကြောင့် အခုဆို အိမ်ရှေ့မီးကိုတောင် တစ်ညလုံး ဖွင့်ထားလိုက်တယ်။ တစ်ခုခုဆို လင်းလင်းရှင်းရှင်းဖြစ်နေအောင်” ဟု ဦးအောင်စိုးဆိုင်ရှေ့ဘက် မုန့်နှင့်အအေးဆိုင်ပိုင်ရှင်အမျိုးသမီးဖြစ်သူက ပြောသည်။

ဦးအောင်စိုးက သူ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများဘက်က ယခုထိ တိုက်ရိုက်ပြောဆိုထားခြင်းမရှိသေးဟု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောသည်။

“ကျွန်တော့်ကို ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးတယ်ဆိုတာမျိုး တိုက်ရိုက်လာပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေက အရပ်ဝတ်နဲ့ရဲတွေ သွားလာစောင့်ကြည့်ပေးနေတယ်လို့ ကျွန်တော့်ကို လာအသိပေးပါတယ်။ ကျွန်တော် အပြင်သွား အပြင်လာကိုလည်း လိုက်ပါပေးမပေး ကျွန်တော်မသိပါဘူး။ ကျွန်တော့်ကို လိုက်စောင့်ရှောက်ပေးပါတယ်လို့ လာမပြောထားတော့ ကျွန်တော်လည်း ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကို သူတို့ဆီ သတင်းပို့တာမျိုးမလုပ်ပါဘူး”ဟု ပြောသည်။

ဦးကိုနီကိုလုပ်ကြံသူ ဦးကြည်လင်းကို ခိုင်းစေညွှန်ကြားသူသည် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း Myanmar Now က သတင်းရေးသားပြီးနောက်ပိုင်း ဦးအောင်ဝင်းဇော်ကို   လေဆိပ်လုပ်ကြံမှုပြီး နောက်တစ်နေ့တွင် ဘားအံမြို့၊ သံလွင်တံတား၌ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required