ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်

ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်

လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက ပြဌာန်းထားသည့် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအားပြင်ဆင်တော့ မည်ဖြစ်ပြီး ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြည့်တန်ဆာများ ကိုသာမက ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကိုပါ အပြစ်ပေး အရေးယူရန် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံလိုက်သည်။ 

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြင်ဆင်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြခဲ့ခြင်းဖြစ်ပြီး ပြင်ဆင် သည့်ဥပဒေကြမ်းတွင် ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် ဥပဒေကြမ်းကော်မတီကော်မတီက အစီရင် ခံလိုက်ခြင်းဖြစ်သည်။ 

အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက  “ဒီဥပဒေကြမ်း မှာပြည့်တန်ဆာများကို သာ အရေးယူအပြစ်ပေးတာမဟုတ်ဘဲ ပြည့်တန်ဆာများနဲ့ လိင်ကိစ္စ ပျော်ပါးသူများကိုပါ အရေးယူအပြစ်ပေး သင့်တယ်လို့ထည့် သွင်းပြဌာန်းသင့်ပါတယ်။ ပြစ်ဒဏ်တွေ ကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ပြဌာန်းသင့်ပါတယ်”ဟု ဇူလိုင် ၂၂ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ 

ဥပဒေခေါင်းစဉ်ဖြစ်သည့် “ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ” အစား “ပြည့်တန်ဆာထိန်းသိမ်းရေးဥပဒေ” ဟု အမည်ပြောင်းလဲ ရန်လည်း ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက်ပေးထားသေးသည်။ 

ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြင်ဆင်ပေးရန် လွှတ်တာ်သို့တင်ပြခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ၁၉၄၉ခုနှစ်၊ ဧပြီ(၂၁)တွင်စတင်ပြဌာန်းခဲ့ပြီး စတင်ပြဌာန်း စဉ် ပုဒ်မ (၁၈)ခု ပါဝင်သည့် ယင်းဥပဒေသည် လက်ရှိခေတ်အခြေအနေနှင့် ကိုက်ညီမှုမရှိတော့ဟု ဆိုသည်။ 

အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးကျော်သီဟကမူ “ပြည့်တန်ဆာဆိုတာ ဟိုးရှေးတုန်းက တည်းကရှိတာ။ တရားဝင် မှတ်ပုံတင်လုပ်ပေးသင့်တယ်။ တရားဝင်မှတ်ပုံတင်လုပ်ပေးပြီးမှသာ ဥပဒေနဲ့ မညီရင် အရေးယူတဲ့အပိုင်း လုပ်သင့်တယ်လို့ထင် တယ်”ဟု မှတ်ချက်ပြုသည်။ 

ပြည့်တန်ဆာနိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူ လိုက်သည့်အတွက် ပြင်ဆင် သည့်ဥပဒေကြမ်းအား ဆွေးနွေးလိုသည့်အမတ်များအနေဖြင့် ဇူလိုင် ၂၄ရက်တွင် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံးသို့ အမည်စာရင်းပေးကြရန် လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly