ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှုးက သိမ်းယူခဲ့သည် ဆိုသောမြေများပြန် ရလိုကြောင်းမြေသိမ်းခံရသူများ ရှင်းလင်း

ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှုးက သိမ်းယူခဲ့သည် ဆိုသောမြေများပြန် ရလိုကြောင်းမြေသိမ်းခံရသူများ ရှင်းလင်း
မြေသိမ်းဆည်းမှုနှင့် ပတ်သက်ပြီး  သိမ်းဆည်းခံရသူများက ဇူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးမြို့ မီဒီယာစင်တာ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ဓါတ်ပုံ - အောင်ကိုဦး

မန္တလေး၊ ဇူလိုင် ၂၂ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအရှေ့ဘက်ရှိဒေသခံ ၄ ဦးပိုင်မြေတစ်ဧကကို ပြီးခဲ့သည့်  ၂၀၀၁ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ အတွင်းရေးမှုး ကလျှော်ကြေး နစ်နာကြေးမပေးဘဲ သိမ်းယူထားခဲ့သောကြောင့် ပြန်လည် ရယူလိုကြောင်း မြေသိမ်းခံရသူများက  သတင်းစာ ရှင်းလင်းပွဲပြုလုပ် ၍ပြောကြား လိုက်သည်။

ဒေသခံ လေးဦးက  ဇူလိုင်လ ၂၂ ရက်၊ နံနက် ၁၀နာရီခွဲတွင် မန္တလေးမြို့ ၇၃လမ်းနှင့် ၇၄လမ်းကြား၊ ၃၄လမ်းနှင့် ၃၅လမ်းကြား မီဒီယာ စင်တာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။  

လက်ရှိတွင် အဆိုပါ မြေနေရာကို  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဈေးဆိုင်ခန်း၊ ဈေးတန်းနှင့် လူနေအိမ်များ တည်ဆောက်၍ ငှားရမ်းထားသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ် သူများက ဆိုသည်။

 မြေအသိမ်းခံရသူဟုဆိုသူ ဦးညို က “ သိမ်းတုန်းက ဘာမှကိုမပြောရဲခဲ့ဘူး။ အဲဒီချိန်က အားလုံးသိတဲ့ အတိုင်းမော်တောင် မကြည့်ရဲဘူး။ အခုကျွန်တော်တို့ပြောခွင့်ရပြီ။ ဒါကိုအားလုံး သိစေချင်တယ်။ ကျွန်တော်တို့ မြေလေးပြန်လိုချင်တယ်။ ဒီမြေက ကျွန်တော်တို့ဘဝပါ။ အခုဆိုကျွန်တော်တို့ တောထဲ မှာ တဲထိုးနေရတယ် “ပြောသည်။

ထိုအသိမ်းခံထားရသည့် မြေပြန်လည်ရရှိစေရန်အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ  ၂၃ ရက်တွင်တစ်ကြိမ် သမ္မတအပါအဝင်၊ ဝန်ကြီးဌာန အသီးသီးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ တိုင်ကြားမှုများပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်ထိ ဖြေရှင်းပေးမှု မရှိသောကြောင့်  သက်ဆိုင်ရာအဖွဲ့အစည်းများ သိရှိစေရန် သတင်းစာရှင်းလင်း ပွဲပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးညို ကဆိုသည်။

အဆိုပါ မြေကို သိမ်းယူထားသည့်အသင်း အတွင်းရေးမှုးသည် လက်ရှိအချိန်တွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ဌားရမ်းရရှိသည့် ငွေကြေးများကို ၎င်း၏ ကိုယ်ကျိုးအတွက်  အသုံးပြုနေသည်ဟုလည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သူများက ဆိုသည်။

ဦးညိုက  “ ကျွန်တော်တို့အနေနဲ့ကတော့ မြေပြန်မရရင် ပါတီကနေနှုတ်ထွက်သွားမယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့လည်းပါတီဝင်ပဲလေ။ နောက်ဆုံးအဆင့် ဘာမှဖြစ်မလာဘူး ဆိုရင် ပြည်ခိုင်ဖြိုးရုံးရှေ့မှာ ဆန္ဒဖော်ထုတ်မယ်။ “ဟု ပြောသည်။

 စွပ်စွဲခံထားရသူ၏ ဖုန်းသို့ မဇ္ဈိမ မှ ၇ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။  

သို့သော်လည်း မဇ္ဈိမက ထီးချိုင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့  ဆက်သွယ် မေးမြန်းခဲ့ရာတွင်  ယင်းသို့ ပြောဆိုခြင်းသည် စွပ်စွဲခြင်းသာ ဖြစ်သည်ဟု ပါတီ အတွင်းရေးမှူးဆိုသူက ဆိုသည်။

၎င်းက “ သူတို့စွပ်စွဲတာပါ။ အဲဒီမြေက ပါတီပိုင်မြေပါ။ အရင်ကသစ်တောမြေလေ။ အဲဒါကိုပါတီက လျှောက်ခဲ့တာပါ။ ကျွန်တော်သိသလောက်ပြောပြတာပါ  “ဟု ပြောသည်။

 မြေသိမ်းဆည်းခံထားရသူများက မြေအစားပြန်လည်ပေးပါက လက်ခံမည်ဖြစ်သော်လည်း လျှော်ကြေး အဖြစ်ပေးပါက လက်ခံမည်မဟုတ်ဟုလည်း ဦးညိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly