ရခိုင်ပြည်နယ် တွင်ရွေးကောက်ပွဲစောင့်ကြည့်မည့် အဖွဲ့များ အသင့်မဖြစ်သေး

ရခိုင်ပြည်နယ် တွင်ရွေးကောက်ပွဲစောင့်ကြည့်မည့် အဖွဲ့များ အသင့်မဖြစ်သေး

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများကို လုပ်ဆောင်မည့် အဖွ့ဲများမှာ  အဆင်သင့်မဖြစ်သေးဟု အဖွ့ဲ အချို့က ပြောကြားသည်။

ရွေးကောက်ပွဲ စောင့်ကြည့်မည့် ဝံလတ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးခိုင်ကောင်းစံက" မဲစာရင်းကိုတော့စောင့်မကြည့်နိုင် ခဲ့ဘူး။ ရွေးကောက်ပွဲ ကျရင်တော့ မဲဆန္ဒနယ် နှစ်ရာလောက်ကို စောင့်ကြည့်နိုင်ဖို့ မှန်းထားပါတယ်" ဟု ပြောသည်။

ဒေသခံ စောင့်ကြည့်ရေး အဖွဲ့များသည် မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်ရေး လုပ်ငန်းများ ကိုဆောင်ရွက်နိုင်ခြင်း မရှိဘဲ အချို့အဖွဲ့များက  စောင့်ကြည့်ရေးနှင့် ပတ်သက်သည့် သင်တန်းများကို လာမည့် လကျမှပေးနိုင် မည်ဖြစ်သည်။

ဦးခိုင်ကောင်းစံက "ကျွန်တော်တို့ အဖွဲ့အနေနဲ့ တစ်ပြည်နယ်လုံးကို မလွှမ်းခြုံနိုင်ပါဘူး။ တခြားအဖွဲ့တွေ လိုအပ်ပါတယ်" ဟုပြော သည်။

ဝံလတ်ဖောင်ဒေးရှင်းသည် ရွေးကောက်ပွဲစောင့်ကြည့်ရေးနှင့် ပတ်သက်သည့် သင်တန်းများကို သြဂုတ်လ အတွင်း စတင်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ သွားရောက်ပို့ချမည် ဖြစ်သည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် မဲစာရင်း မှားယွင်းမှုများ ရှိခဲ့ပြီး စစ်တွေမြို့နယ်၌ တစ်လမ်းတည်းနေ အိမ်ခြေ နှစ်ဆယ်ခန့် မဲစာရင်းတွင် မပါဝင်ခဲ့၍ ပြန်လည်ပြုပြင်ခဲ့ရသည်ဟု စစ်တွေ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဦးထွန်းသာက ပြောသည်။

မဲစာရင်းကြည့်ရှုရေးအတွက် ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသူ ရခိုင်အမျိုးသမီးအဖွဲ့မှ ဥက္ကဋ္ဌဒေါ်ညိုအေး ကရွေးကောက် ပွဲစောင့်ကြည့်ရေး လုပ်ငန်းများအတွက် မှတ်ပုံတင်ထားဆဲဖြစ်သည်ဟု ဆိုသည်။

၎င်းက "ရွေးကောက်ပွဲမှာ စောင့်ကြည့်ဖို့ လျှောက်လွှာတင်ထားပါတယ်။ ကျလာမှပဲ ဘာတွေ ဆက်လုပ် မယ်ဆိုတာဆွေးနွေး ရမှာပါ။ လောလောဆယ်မှာ မဲစာရင်းမှာ မပါတဲ့သူတွေကို ပါဖို့ ကူညီတာတွေ လုပ်နေပါတယ် "ဟု ဆိုသည်။  

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုတွင် ကျေးရွာ တစ်ရွာလုံး မဲစာရင်းတွင် ပါဝင်ခြင်းမရှိဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိဟု ဒေါ်ညိုအေးက ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင်မဲရုံပေါင်း နှစ်ထောင်ကျော် ရှိမည် ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ထံမှ သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများ သည်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများ သို့  စတင်လျှောက်ထားနိုင် ပြီဖြစ်ကြောင်းပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်က ဇူလိုင်လ ၁၇ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly