လက်ရှိ တိုက်ပွဲများကြောင့် NCAစာချုပ် အကောင်အထည်ဖော်ရေး ထိခိုက်နိုင်ဟုဆို

လက်ရှိ တိုက်ပွဲများကြောင့် NCAစာချုပ် အကောင်အထည်ဖော်ရေး ထိခိုက်နိုင်ဟုဆို
PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ
 

နေပြည်တော်(ဒီဇင်ဘာ ၂၀ရက်)။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA)အား အကောင်အထည်ဖော်ရာတွင် ထိခိုက်မှုများ ရှိလာနိုင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားလိုက်သည်။

“NCA စာချုပ်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ တည်ငြိမ်မှုရရှိဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆက်လုပ်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် ငြိမ်းချမ်းရေးအစစ်အမှန် ရဖို့ကိုးဗျ။ ဒီတိုက်ပွဲတွေက NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ထိခိုက်နိုင်တယ်” ဟု NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် PNLO ၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဒီဇင်ဘာ ၂၀ရက်တွင် မဇ္ဈိမကို ပြောသည်။

NCA လက်မှတ် မရေးထိုးရသေးသည့်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မပါဝင်သေးသည့်အဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးသင့်ပြီး လက်ရှိတိုက်ပွဲများနှင့်ပတ်သက်၍လည်း အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်ရန် အစိုးရ၊ တပ်မတော်နှင့် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တောင်းဆိုထားသည်ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“ကျွန်တော်တို့ကတော့ အစွမ်းကုန်ညှိနှိုင်းနေတာပဲ။ ကြားဝင်တယ်ဆိုတာထက်ကို လက်ကိုင်စွဲရမှာ NCA စာချုပ်ပေါ့။ NCA စာချုပ် ပြဌာန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ မအောင်မမြင်ဖြစ်တယ်ဆိုရင် စာချုပ်ထိုးထားတဲ့သူတွေမှာ တာဝန်ဝန်ရှိတယ်” ဟု ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required