မလေးရှားက မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများအရေး ဆွေးနွေးပွဲ ကျင်းပမည်

မလေးရှားက မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများအရေး ဆွေးနွေးပွဲ ကျင်းပမည်

ကွာလာလမ်ပူ၊ နို၀င်ဘာ ၂၇ ။        ။ မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာ (ဘင်္ဂါလီ) များအရေး ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပရန် စီစဉ်ထားရာ အဆိုပါ အခမ်းအနားသို့ မလေးရှား ၀န်ကြီးချုပ် နာဂျစ်အဗ္ဗဒူရာဇက် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်မည်ဟု ဒုဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီက ပြောကြားသည်။

ယင်းအခမ်းအနားသို့ PAS ၊ PKR နှင့် Parti Amanah Negara (Amanah) ပါတီများမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ပြီး ကျင်းပမည့်နေရာကို မကြာမီ ကြေညာသွားမည်ဟု အာမက်ဇာဟစ်က ပြောသည်။

"ကျွန်တော့်တို့ကြားက နိုင်ငံရေးအရ အမြင်မတူညီမှုတွေကို ခဏဘေးဖယ်ထားပြီး မြန်မာနိုုင်ငံက မွတ်ဆလင်တွေအတွက် စိုးရိမ်နေမှုအပေါ် ဆွေးနွေးကြမှာပါ" ဟု ၎င်းက ပြောကြားသည်။
ရိုဟင်ဂျာ (ဘင်္ဂါလီ) များအရေးနှင့် ပတ်သက်၍ မလေးရှားအနေဖြင့် အခြားနိုင်ငံများထက် ပိုမိုဆောင်ရွက်ပေးနေကြောင်း၊ မလေးရှားနိုင်ငံတွင်း မွေးဖွားသည့် ရိုဟင်ဂျာများအတွက် မွေးစာရင်း ထုတ်ပေးကြောင်းလည်း အာမက်ဇာဟစ်က ပြောကြားသည်။

"အခြားနိုင်ငံတွေကို သေးသိမ်အောင် လုပ်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် မွတ်ဆလင်တွေရဲ့ ဒုက္ခကို ကျွန်တော်တို့ ခံစားနားလည်တယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ ဖိနှိပ်မှုများ ကြံုတွေ့နေရသည်ဟု သတင်းများထွက်ပေါ်နေသည့် ရိုဟင်ဂျာများအပေါ် အကူအညီပေးမည့် အစီအစဉ်အတွက်လည်း ရံပုံငွေများထည့်ဝင်ကြရန် ဇာဟစ်က မလေးရှားအသိုက်အဝန်းကို တိုက်တွန်းထားသည်။

ရခိုင်ဒေသတွင်း ဖိနှိပ်ခံနေရသည်ဆိုသော ရိုဟင်ဂျာများနှင့် ပတ်သက်၍ မိမိတို့၏ စိုးရိမ်မှုများကြောင့် ကန့်ကွက်စာတစ်စောင်ကို မလေးရှားအစိုးရက မြန်မာအစိုးရထံ ပေးပို့သွားမည်ဟု အာမက်ဇာဟစ်က ပြောကြားသည်။

"ကွာလာလမ်ပူက မြန်မာသံရုံးကို ကန့်ကွက်စာတစ်စောင် ပေးပို့သွားဖို့ ၀န်ကြီးအဖွဲ့က ဆုံးဖြတ်ပြီးပါပြီ။ လက်ရှိသဘောတူညီချက်တွေအရ ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်ခွင့်မရှိပေမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ မလေးရှားက စိုးရိမ်ကြောင်း ပြောပြချင်ပါတယ်" ဟု ၎င်းက ပြောသည်။ ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်မည့်   တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုရန် ဆွေးနွေးမည်ဟု အာမက်ဇာဟစ်က ပြောသည်။

"ဒီဆုကို လက်ခံထားပြီးသူတစ်ဦးက ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ပေးထားတဲ့ ဆုအပေါ်မှာ မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်" ဟု ၎င်း က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required